၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်
၁။ ယနေ့ကျရောက်သည့် သာသနာတော်နှစ် (၂၅၆၉) ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မြန်မာနိုင်ငံတဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော ဗုဒ္ဓဘာသာဝင်များနှင့်တကွ အခြားဘာသာဝင် တိုင်းရင်းသားများအားလုံး ဘေးကင်းကျန်းမာစွာဖြင့် ကုသိုလ်ကောင်းမှုများ ထုံလွှမ်းလျက် ကောင်းကျိုးအဖြာဖြာ ရရှိခံစားနိုင်ကြပါစေကြောင်း မေတ္တာပို့သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝ၌ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဥာဏ်တော် ရရှိတော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဟူသည့် မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ကာ အားလုံးသော ဗုဒ္ဓ ဘာသာဝင်တို့အနေဖြင့် ယင်းနေ့ထူးနေ့မြတ်အား အထွဋ်အမြတ်ထား၍ ကုသိုလ်ကောင်းမှု အစုစု တို့အား အထူးအလေးထားလုပ်ဆောင်လေ့ရှိကြပါသည်။
၃။ မြတ်စွာဘုရားရှင်သည် သစ္စာလေးပါးတရားတော်မြတ်တို့အား ကိုယ်တိုင်ကျင့်ကြံ ကြိုးစားအားထုတ်ပွားများ၍ သိရှိလာသော မှန်ကန်သောအကျင့်၊ နှလုံးသွင်းဆင်ခြင်ကြရမည့် မြတ်ဓမ္မတရားများကိုလည်း အယုတ်၊ အလတ်၊ အမြတ် မခွဲခြားဘဲ သတ္တဝါများသို့ မေတ္တာ၊ ကရုဏာတော်ကြီးမားစွာဖြင့် ဟောပြောညွှန်ပြပေးခဲ့ပြီး ကိုယ်တိုင်လည်း ဦးတည်ရည်မှန်းသော နိဗ္ဗာန်တိုင်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့ပါသည်။
၄။ ဗုဒ္ဓ၏ အဆုံးအမ၊ လမ်းညွှန်သင်ကြားပြသမှုများအရ ဓမ္မနှင့် အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်တို့ကို ဝေဖန်ပိုင်းခြားနိုင်မှုနှင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ ကြိုးစားအားထုတ်မှု သည်သာ ဘဝ၏ လက်တွေ့ကျသော အရှိတရားဖြစ်သည်ကို မှတ်သားသိရှိရပါသည်။ မိမိတို့ အနေဖြင့်လည်း အနာဂတ်နိုင်ငံတော်သစ်တွင် အဓမ္မတရားများကင်းစင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ် ထွန်းကားပြန့်ပွားတည်တံ့စေရန်အတွက် အတူတကွ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွား ကြပါစို့ဟု တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


