Home / (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀  ရက် 

၁။           ဒီးမော့ဆိုမြို့နယ်၊ ပန်ပတ်(ကြာလော့) ကျေးရွာ၌ ကယန်းမျိုးနွယ်စုများမှ ကယန်းဟူသော အမည်နာမတစ်ခုတည်းဖြင့် ပြည်လည်စုစည်းနိုင်ခြင်း၊ ကယန်းအမျိုးသားဘုံစာပေ၊ အမျိုးသား အလံအား သတ်မှတ်ခြင်းကဲ့သို့ ကယန်းအမျိုးသား၏ လူမျိုးစုဆိုင်ရာဝိသေသများကို ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် စုပေါင်းဖော်ဆောင်နိုင်ခဲ့ပြီးနောက် နှစ်စဉ် ဧပြီလ (၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာ ယနေ့ဆိုလျှင် (၂၃) နှစ်မြောက်သို့ ရောက်ရှိ ခဲ့ပြီဖြစ်ပါသည်။

၂။          ယနေ့သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အပြန်အလှန်ယုံကြည်ခြင်းနှင့် လူမျိုးစု အပေါ်ထားရှိသော မျိုးချစ်စိတ်စေတနာ၊ စုပေါင်းအင်အားကို မှန်ကန်စွာ အသုံးချနိုင်ခဲ့ခြင်း တို့ကို ပြန်လည်မြင်စေသည့် ကယန်းတစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် နေ့ထူး နေ့မြတ်ပင် ဖြစ်ပါသည်။ ဤကဲ့သို့ လူမျိုးစုအသီးသီးတို့၏ စည်းလုံးညီညွတ်ခြင်း အင်အားမှ တစ်ဆင့် ပြည်ထောင်စုအတွင်းရှိ လူမျိုးစုအားလုံး၏ စည်းလုံးညီညွတ်ခြင်းကို တည်ဆောက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၃။           စစ်အာဏာရှင်စနစ်ဆိုးကို လက်တွဲညီညီ တော်လှန်တိုက်ထုတ်နေသည့် ယခု နွေဦး တော်လှန်ရေးတွင်လည်း ညီနောင်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ကယန်း တိုင်းရင်းသားများ၏ ပါဝင်မှုသည် ကြီးမားသော အင်အားတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ကယန်း တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မတူကွဲပြားသည့် အရောင်အသွေးစုံလင်သော နိုင်ငံတော်သစ်ကို စုပေါင်းအင်အားဖြင့်သာ တည်ဆောက်သွားနိုင် ကြမည် ဖြစ်ပါသည်။

၄။           စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း စစ်မှန်သော လွတ်လပ်မှု၊ တရားမျှတမှုတို့အတွက် ယနေ့ထိတိုင် ကိုယ်ကျိုးကိုမကြည့်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံကာ တိုက်ပွဲဝင်နေကြသော ကယန်းလူမျိုးများ၏ တော်လှန်ရေးသမိုင်းသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမည်မှာ မုချဧကန်ဖြစ်ပါသည်။ အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရသည့် ကယန်းပြည်သူများနှင့်အတူ ထပ်တူခံစားရပါကြောင်းနှင့် စစ်အာဏာရှင်များကို တော်လှန်တိုက်ထုတ်ရင်း ကျဆုံးသွားသော ကယန်းတိုင်းရင်းသား အာဇာနည်သူရဲကောင်းများကို ဂုဏ်ပြုဦးညွှတ်ပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။

၅။           ဤ (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ယခင်ထက် ပိုမိုသော စည်းလုံးညီညွတ်မှုများ၊ အပြန်အလှန်နားလည်မှုများ တည်ဆောက်နိုင်ကာ ကယန်း တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြသည့် စစ်အာဏာရှင်များ အမြန်ဆုံးအဆုံးသတ်နိုင်ရေးနှင့် ငြိမ်းချမ်းသာယာသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် ခွန်အားသစ်၊ စိတ်သစ်များဖြင့် ဆက်လက် ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ယူဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top