Home / (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော် (AA) ဖွဲ့စည်းတည်ထောင်ခြင်းနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော် (AA) ဖွဲ့စည်းတည်ထောင်ခြင်းနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်

၁။ ယနေ့ကျရောက်သည့် ထူးမြတ်သော (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော် (AA) ဖွဲ့စည်းတည်ထောင်ခြင်းနေ့တွင် ရက္ခိုင်ရဲဘော်ရဲဘက်သူရဲကောင်းများ၊ ရက္ခိုင်တော်လှန်ရေး ခေါင်းဆောင်ကြီးများ၊ ရက္ခိုင်ပြည်သူပြည်သားများအပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့သည် ရင်ဆိုင်တွေ့ကြုံနေကြရသည့် တော်လှန်ရေးတိုက်ပွဲများတွင် ဘေးရန်အပေါင်း ကင်းဝေးပါစေကြောင်းနှင့် မိမိတို့အားလုံး၏ မျှော်လင့်ချက် အိမ်မက်များ အမြန်ဆုံး ပြည့်ဝအောင်မြင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ ရက္ခိုင့်တပ်တော် (AA) အား ခိုင်မာသော ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိတိုင် အခြားသွေးချင်းညီနောင် တိုင်းရင်းသားများနှင့်အတူ အကြမ်းဖက် စစ်အာဏာရှင်များ၏ ယုတ်မာရက်စက်မှုများကြားတွင် မယိုင်မလဲ ကြံ့ကြံ့ခံလျက် ပြတ်သားသည့် စိတ်ဓာတ်အားများဖြင့် အဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး (၁၅) နှစ်တိုင်တိုင် ပီပြင်သော သမိုင်းပုံရိပ်များအား တစ်ဆင့်ချင်း ထုဆစ်ပုံဖော်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါသည်။

၃။ ရက္ခိုင့်တပ်တော် (AA) သည် ရက္ခိုင်ပြည်သူတစ်ရပ်လုံးနှင့်အတူ တသားတည်း ရပ်တည် ၍ စစ်အာဏာရှင်စနစ်ဆိုးအား အပြီးတိုင် ပပျောက်ချုပ်ငြိမ်းရေးအတွက် အသက်သွေးချွေးများ စတေးကာ ပေးဆပ်တိုက်ပွဲဝင်လျက်ရှိပြီး အောင်မြင်မှုများစွာဖြင့် နယ်မြေများအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့်အခြေအနေတို့သည် မိမိတို့အားလုံးအတွက် အားတက်ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။ ခေတ်အဆက်ဆက်နှင့် လက်ရှိ နွေဦးတော်လှန်ရေးကြီးတွင် မြင့်မြတ်စွာ အသက်သေဆုံးကာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရက္ခိုင်အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ဂုဏ်အရည်အချင်းတို့အား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုပါသည်။

၄။ ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရက္ခိုင်ပြည်သူပြည်သားများနှင့်အတူ (၁၅) နှစ်တာ ခရီးလမ်းမှသည် နောင်နှစ်ပေါင်းများစွာတိုင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်းနှင့် မိမိတို့ တိုင်းရင်းသား လူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးသော ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တွဲလက်ညီညီ ရှေ့ဆက်လျှောက်လှမ်းသွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ဝမ်းမြောက် ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top