ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (Special Advisory Council for Myanmar) တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆၃၀ အချိန်တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုလွှတ်တော်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် “မြန်မာပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေမှုများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူအားလုံးနှင့်ကမ္ဘာကသိရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုများအတွက် မြန်မာပြည်သူများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း အထူးအကြံပေးကောင်စီ၏ ဆောင်ရွက်ချက်များကိုစတင်ဖွဲ့စည်းချိန်မှစ၍ တွေ့မြင်နေရပြီး ထိရောက်သောဆောင်ရွက်ချက်များအဖြစ်သုံးသပ်မိပါကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေများနှင့် အညီ တရားဆွဲဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကူညီပေးနိုင်သည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုလိုပါကြောင်း၊ မြန်မာပြည်သူများအား ကူညီပေးခြင်းတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် CRPH ၊ NUG တို့အား ကူညီအားပေးခြင်းသည် ထိရောက်သော ကူညီခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ CRPH ၊ NUG သည် ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့် နိုင်ငံတကာအသိုက်အဝန်းက တရားဝင်အသိမှတ်ပြုမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးအပ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အပေါ်၌လည်း အကြံပြုလိုသည့်အချက်များရှိပါက ရင်းနှီးစွာဆွေးနွေးတိုင်ပင်စေလိုပါကြောင်း၊ မိမိတို့ဘက်မှကူညီပေးနိုင်မည့် အကြောင်းအရာများနှင့် ပူးဆောင်းဆောင်ရွက်နိုင်မည့်ကိစ္စများရှိပါက ပြောကြားပေးစေလိုပါကြောင်း” ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဖွဲ့စည်းပုံနှင့်လုပ်ငန်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့၏ အခန်းကဏ္ဍ၊ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံရေးမူဝါဒများ၊ အာဆီယံနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစည်သူမောင်၊ ဦးဝင်းကိုဦး၊ ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီမှ Ms. Yanghee Lee ၊ Mr. Marzuki Darusman ၊ Mr. Chris Sidoti ၊ SAC-M Coordinator ဖြစ်သူ Isabel Todd နှင့် ဝန်ထမ်းဖြစ်သူ Joo Hyung Lee တို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ

