Home / CRPH ပညာရေးကော်မတီသည် မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) ၏ ပညာရေးနှင့်ကျန်းမာရေးကော်မတီဝင်များ၊ မွန်ပြည်နယ်ရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) ၏ ပညာရေးနှင့်ကျန်းမာရေးကော်မတီဝင်များ၊ မွန်ပြည်နယ်ရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် မြေပြင်တွင်ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာ အခြေအနေများနှင့်စပ်လျဥ်း၍ CRMH ပညာရေးနှင့်ကျန်းမာရေးကော်မတီဝင်များ၊ မွန်ပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ၁၀၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက အပြန်အလှန်မိတ်ဆက်ကြပြီး   CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကားပြောကြားရာတွင် အားလုံးသည် နွေဦးတော်လှန်ရေး၌ အတူပါဝင်ဆောင်ရွက်နေသည့် ရဲဘော်ရဲဘက်များ ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် လူတိုင်းစိတ်ထဲတွင် ကြွေးကြော်ထားပြီးဖြစ်သည့်အတွက် အပြန်အလှန်ဆွေးနွေးပြီး အခက်အခဲများအတွက် အဖြေရှာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များက လုံခြုံရေးကို အထူးဂရုစိုက်၍ မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအစဥ်များ၊ CDM ဆရာ၊ ဆရာမများ၏ လက်ရှိနေထိုင်မှုဘဝများတွင် ထောက်ပံ့မှု လိုအပ်နေသည့် အခြေအနေများနှင့် ဖမ်းဆီးခံရမှု အခြေအနေများအပြင် တွေ့ကြုံရသည့် ကျောင်းသားမိဘများနှင့် ကျောင်းသားများ၏ ခံယူချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ပြောကြား၍ CRPH ပညာရေးကော်မတီအနေဖြင့် CDM ဆရာ၊ ဆရာမများ၏ အခက်အခဲများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးသွားနိုင်ရန်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ  ပညာရေးကော်မတီအဖွဲ့ဝင်များက CRPH ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM များ၏ အရေးပေါ်ကိစ္စရပ်များအား ထောက်ပံ့ကူညီပေးနေသည့် အခြေအနေများရှိ၍  ကြားခံချိတ်ဆက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘုတ်အဖွဲ့များက ပညာရေး CDM စာရင်းများ စနစ်တကျ ပြုစုထားရှိပါက အနာဂတ်ကာလတွင် အသိအမှတ်ပြုချီးမြှင့်ခြင်းအစီအစဥ်များအတွက် ပိုမိုအဆင်ပြေမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေး၍  တွေ့ဆုံပွဲအား ၁၂၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံပွဲသည် တော်လှန်ရေးကာလအတွင်း မွန်ပြည်နယ်၌ ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများ၊ ကြုံတွေ့နေရသည့် အခက်အခဲများအား သိရှိကာ ချိတ်ဆက်ဆောင်ရွက်မှုများနှင့်အတူ အနာဂတ်ဖက်ဒရယ် ပညာရေးအတွက် အတူပူးပေါင်းဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ CRPH ပညာရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ CRMH ပညာရေးနှင့်ကျန်းမာရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)ဦး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top