Home / CRPH ပညာရေးကော်မတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်အဖွဲ့များမှ CDM ဆရာ၊ ဆရာမများအတွက် ဖက်ဒရယ်ဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်ပို့ချခဲ့

CRPH ပညာရေးကော်မတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်အဖွဲ့များမှ CDM ဆရာ၊ ဆရာမများအတွက် ဖက်ဒရယ်ဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်ပို့ချခဲ့

ပညာရေးကော်မတီသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်အဖွဲ့များမှ CDM ဆရာ၊ ဆရာမများအတွက် ဖက်ဒရယ်ဆိုင်ရာအခြေခံသင်တန်းများအား (၅-၂-၂၀၂၄) ရက်နေ့မှ (၇-၂-၂၀၂၄) ရက်နေ့များတွင် ပထမအကြိမ်နှင့် (၂၃-၂-၂၀၂၄) ရက်နေ့မှ (၂၅-၂-၂၀၂၄) ရက်နေ့များတွင် ဒုတိယအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကာ ပြည်တွင်းကျွမ်းကျင်ပညာရှင်တစ်ဦးက ဦးဆောင်၍ ဖက်ဒရယ်ဆိုင်ရာ အခြေခံသဘောတရားများ၊ မူဘောင်များနှင့်စပ်လျဥ်းသည့် လေ့လာသိရှိထားသင့်သော အကြောင်းအရာများအား ရှင်းလင်းပို့ချဆွေးနွေးပေးခဲ့သည်။

အဆိုပါသင်တန်းပို့ချမှုတွင် ကျွမ်းကျင်ပညာရှင်က “ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းမှုနှင့် နိုင်ငံတကာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထားရှိမှုများ၊ အာဏာခွဲဝေမှုများ၊ အုပ်ချုပ်ရေးနှင့်တရားရေးမဏ္ဍိုင်များ” အား အခြေခံသဘောတရားအနေဖြင့် ရှင်းလင်းပို့ချ၍ အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးမျှဝေခြင်းတွင် ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီ၏ ဆက်နွယ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ဖက်ဒရယ်စနစ်ကျင့်သုံးလျက်ရှိသော နိုင်ငံများ၏ ဆောင်ရွက်ချက်များကို ကိုးကားလျက် မိမိတို့နိုင်ငံအနေဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်စေရန် ဆောင်ရွက်သင့်သည်များကို သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

တော်လှန်ရေးကာလတွင် Online နှင့် On ground ကျောင်းများ၌ အန္တရာယ်ကြားမှ စွမ်းစွမ်းတမံ လက်တွေ့ ပညာသင်ကြားပေးနေကြသော CDM ဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသားကျောင်းသူများထံသို့ ဖက်ဒရယ်ဆိုင်ရာအခြေခံအသိပညာများ ပြန်လည်မျှဝေပေးနိုင်ခြင်းဖြင့် နိုင်ငံတော်၏ မျိုးဆက်သစ်များအားလုံးအနေဖြင့် ဖက်ဒရယ်စနစ်၏ အနှစ်သာရများကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍  ယခုကဲ့သို့ ဖက်ဒရယ်ဆိုင်ရာအခြေခံသင်တန်းများအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ CDM ဆရာ၊ ဆရာမများ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top