Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(JCC Education) တို့ပူးပေါင်း၍ ကျင်းပသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နေ့အခမ်းအနားတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အထိမ်းအမှတ်  အမှာစကားပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(JCC Education) တို့ပူးပေါင်း၍ ကျင်းပသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နေ့အခမ်းအနားတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အထိမ်းအမှတ်  အမှာစကားပြောကြား

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC Education) တို့ ပူးပေါင်း၍ ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သော အထိမ်းအမှတ် အမှာစကားမှာ အောက်ပါအတိုင်းဖြစ်သည်−

၁။           ယနေ့ကျရောက်သည့်  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC Education) တို့ ပူးပေါင်း၍ စီစဥ်ကျင်းပသည့် (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ယခုလို အမှာစကားပြောကြားခွင့်ရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

၂။            (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက် လာကြသော နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုတဲ့ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်း ကောင်စီများနှင့် မြို့နယ် ပညာရေးဘုတ်အဖွဲ့အစည်းများ၊ ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်အပေါင်းမှကင်းပါစေကြောင်း၊ တိုင်းပြည်၏အကျိုးကို ဆထက်တပိုး၍ ထမ်းပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၃။           အမျိုးသားအောင်ပွဲနေ့ဟာ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ စတင်ခဲ့တဲ့ သမိုင်းဝင်မော်ကွန်းတင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ အမျိုးသားစိတ်ဓာတ် ဆိုတာသည် လက်နက်အားကိုး အနိုင်ကျင့်မှု၊ မတရားမှုများကို မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ အများအကျိုးအတွက် အသက်ကိုပင် ပဓာနမထားပဲ စွန့်လွှတ်စွန့်စားသည့် တစ်စိတ်တစ်ဝမ်းတည်းရှိသောစိတ်၊ ရေကိုတားသော်အကြားမထင်သကဲ့သို့ စည်းလုံးညီညွတ် သည့် စိတ်ဓာတ်၊ အေးအတူပူအမျှ နေထိုင်ပြီး ဒုက္ခကိုလည်းအတူခံ၊ သုခကိုလည်းအတူစံ လိုသော စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

၄။           နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သမိုင်းဆိုတာရှိစမြဲပါပဲ။ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း မိန့်ကြားခဲ့သလို သမိုင်းကို မအအောင် သင်ကြရပါတယ်။ မိမိတို့ပခုံးပေါ်ကို နိုင်ငံတော်အတွက် တာဝန်ကျရောက်လာတဲ့အခါ အနာဂတ်မျိုးဆက်သစ်လူငယ်များအဖို့ သမိုင်းကိုသိမှ သမိုင်းထဲကနေတစ်ဆင့် အတုယူတတ်ဖို့၊  သမိုင်းနားလည်မှသာလျှင် မျိုးချစ် စိတ်ဓါတ်၊ နိုင်ငံရေးစိတ်၊  အမျိုးသားရေးစိတ်ဓါတ် အပြည့်အဝဖြင့် အာဏာရှင်ကို တွန်းလှန် နိုင်မှာဖြစ်ပါတယ်။ မြန်မာတို့အဖို့ အမျိုးသားအောင်ပွဲနေ့ဟာ လွတ်လပ်ရေး လမ်းစဖော်ခဲ့သည့် နေ့ဖြစ်သကဲ့သို့ ကျွန်စိတ်ကနေ မီးခဲပြာဖုံးဖြစ်နေသော သခင်စိတ်အဖြစ် အသွင်ကူးပြောင်းနိုင် ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

၅။           ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်မှ အဓမ္မအာဏာသိမ်းလိုက်သည့်အခါမှာ မြန်မာအမျိုးသားများ၏ ခေတ်သစ် အမျိုးသားစိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့ပါတယ်။ အမျိုးသားအောင်ပွဲနေ့သည် ယနေ့ ဆိုလျှင် နှစ်ပေါင်း (၁၀၂) နှစ်ရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင် ပေးသည့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။

၆။     တချိန်က မိမိတို့ဘိုးဘွားများက အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံလွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သလို ယခုအခါတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အမျိုးသားရေးစိတ်ဓာတ်များမြှင့်တင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ကြိုးပမ်း သွားရဦးမှာ ဖြစ်ပါတယ်။ ယခုအခါ နွေဦးတော်လှန်ရေးသည်လည်းပဲ နိုင်ငံနှင့်လူမျိုးကို ချစ်သည့် မျိုးချစ်ပုဂ္ဂိုလ်များအတွက် အမျိုးသားရေးစိတ်ဓာတ်များ နိုင်ငံတစ်ဝှမ်းမှာ နိုးကြား လာစေခဲ့ပါတယ်။

၇။           အမျိုးသားအောင်ပွဲနေ့ရဲ့ ထူးခြားချက်ကတော့ ပညာရေးကဏ္ဍ၊ ကျောင်းသားလူငယ် များနှင့် ဆက်နွယ်နေခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားကြီးများ သပိတ်မှောက် ပြီးနောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သလို အမျိုးသားကျောင်းများနှင့်အတူ မိမိနိုင်ငံကို မိမိကိုယ်တိုင် ဖန်တီးနိုင်သည့် အမျိုးသားပညာရေးစနစ် တည်ဆောက်ရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ နှစ်စဥ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ရောက်တိုင်း တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မကျင်းပနိုင်ခဲ့သည်မှာ (၃) နှစ်မျှကြာခဲ့ပြီ ဖြစ်သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်။

၈။           တိုင်းပြည်နှင့်လူမျိုးအတွက် သတ္တိရှိရှိ၊ အမြော်အမြင်ကြီးကြီး၊ ဇွဲလုံံ့လရှိရှိဖြင့် အာဏာရှင် အဆက်ဆက်ကို ဆန့်ကျင်တော်လှန်နေသည့်နည်းတူ ယခုနွေဦးတော်လှန်ရေး တွင်လည်း လပေါင်း (၂၀) ကျော်ကြာသည့်တိုင် ဒုက္ခများနှင့် နာကျည်းမှုများကို အံ့တုကာ ကဏ္ဍပေါင်းစုံကနေ တော်လှန်နေကြတာတွေ့နေရလို့  ရှေ့ဆက်ကြိုးစားသွားဖို့လည်း ခွန်အားတွေ ဖြစ်ရပါတယ်။

၉။     မြို့ကြီးများမှာ တင်းကြပ်သည့်လုံခြုံရေးစောင့်ကြည့်မှုတွေကြားက လူငယ်တွေဟာ ရတဲ့နည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင့်နေဆဲဖြစ်ပါတယ်။ အဲ့လိုပါပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ညီနောင်တိုင်းရင်းသား ဒေသများမှာလည်း များပြားသော သပိတ်အဖွဲ့များသည် ဆန္ဒပြ လုပ်ရှားမှုများအား နေ့စဥ်တက်ကြွစွာ ကျင်းပနေဆဲဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်များရဲ့ ကြိုးပမ်းမှု၊ ဦးဆောင်မှုတွေဟာ အနာဂတ်တိုင်းပြည်အတွက် အရင်းအမြစ်ကောင်းတွေ ဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး။ အင်မတန်မှ လေးစားရပါတယ်။

၁၀။         ယနေ့ကာလတွေမှာ နိုင်ငံတကာရဲ့ မြန်မာ့အရေးအပေါ် ဆွေးနွေးလုပ်ဆောင်မှု တွေဟာလည်း ကောင်းမွန်တဲ့ သုံးသပ်လုပ်ကိုင်မှုတွေဆီ ဦးတည်ပြောင်းလဲလာနေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအပါအဝင် ကဏ္ဍအတော်များများကိုလည်း ထိရောက်တဲ့ ဖိအား ပေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာနိုင်တာလည်း မြင်တွေ့ကြားသိနေရပါတယ်။ ဒါဟာ မိမိတို့ ဒီမိုကရေစီအတွက် ယနေ့တိုင် ကြံ့ခိုင်စွာ၊ စည်းလုံးစွာနဲ့ ဆက်လက်ကြိုးပမ်းသွား နေသည့် ဇွဲသတ္တိနှင့် လုပ်ဆောင်လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

၁၁။         ဒီနေ့လို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက် ကြိုးပမ်းသွားကြမယ် ဆိုရင် မကြာတဲ့ကာလတစ်ခုမှာ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ စစ်အာဏာရှင်များ ကျဆုံးရေးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

၁၂။   မြန်ဆန်တဲ့အရွေ့၊ ကောင်းမွန်တဲ့ရလဒ်တွေ အချိန်တိုတိုအတွင်း၊ ထိခိုက်မှုနည်းနည်းဖြင့် ရရှိနိုင်အောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြသည့် အင်အားစုများနှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ကျရာကဏ္ဍကနေ ပူးပေါင်းကြိုးစား သွားမည်ဆိုတာ ကတိပြုပါတယ်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြည်သူများရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၁၃။         ပြည်သူလူထုကအပ်နှင်းထားတဲ့အခွင့်အာဏာကိုလည်း တာဝန်ကျေပွန်စွာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းထမ်းရွက်နေပါတယ်။ အခက်အခဲများစွာကြားမှ အကန့်အသတ်၊ အတားအဆီးများစွာကို ရင်ဆိုင်ဖြတ်ကျော်ရင်း ကြိုးပမ်းဆောင်ရွက်နေရတာဖြစ်လို့ အပြည့်အဝ ကျေနပ်လောက်သည်ဟု မဆိုနိုင်သေးတာလည်း ပကတိအရှိတရားဖြစ်ပါတယ်၊ မိမိတို့အနေဖြင့်  ပြည်သူလူထုအသံကို လေးလေးစားစား နားထောင်မှတ်သားပြီး လျှောက်လှမ်းခဲ့သလို ရှေ့ဆက်လည်း ကြိုးစားလျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။

၁၄။         ဒါကြောင့် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ ပြည်သူကပေးအပ်ထားသည့် တာဝန်များအရ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားသော အေးချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်သွားနိုင်ရေးအတွက် လွှတ်တော်ကဏ္ဍကနေ ဆက်လက် ကြိုးပမ်းသွားပါမယ်လို့ ယနေ့ကျင်းပသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အလေးအနက် ဂုဏ်ပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2659/
class=wp-image-2660/
class=wp-image-2662/
Scroll to Top