Home / ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်

ယနေ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စား အခုလိုတက်ရောက်ပြီး နှုတ်ခွန်းဆက်ခွင့်ရတဲ့အတွက် ဖိတ်ကြားထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် အခုလိုတက်ရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ NUCC အဖွဲ့ဝင်များ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားများ၏ မိတ်ဖက်တော်လှန်ရေးအင်အားစု အသီးသီး၊ နိုင်ငံရေးပါတီများ၊ CSO နဲ့ CDM အပါအဝင် ယနေ့ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို အထူးလေးစားပါကြောင်းလည်း နှုတ်ခွန်းဆက်သပြောကြားလိုပါတယ်။

ရှေ့မှာ ယာယီသမ္မတကြီးနှင့်တကွ ဝန်ကြီးချုပ်ကြီးတို့လည်း ပြောကြားသွားခဲ့တာရှိပါတယ်။ တကယ်တမ်းမှာ ချင်းအမျိုးသားများရဲ့ သတ္တိနှင့် ဗျတ္တိဟာ သမိုင်းဝင်ပြီးသားဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာလည်း အင်မတန်မှ ထင်ရှားပါတယ်။ တော်လှန်ရေးကို တူမီးနှင့် စုစည်းခဲ့ကြတဲ့ အနေအထားမျိုးနဲ့ နယ်မြေအခြေအနေပေါ်မှာမူတည်ပြီး ကြံ့ကြံ့ခံရင်ဆိုင် တော်လှန်နေကြတာကိုလည်း ဒီကနေ့ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ တစ်ဦးတစ်ယောက်တည်း ဆောင်လို့မရပေမဲ့ “တစ်ယောက်ဆောင်သော်မရ၊ တစ်သောင်းဆောင်သော်ရ၏” ဆိုတဲ့ ပုံစံမျိုးနဲ့ စည်းလုံးညီညွတ်မှုအသွင်နှင့် ဆောင်ရွက်နေကြတာ တွေ့ရတဲ့အတွက်လည်း အင်မတန် လေးစားပါတယ်။ တစ်ပြိုင်နက်တည်းမှာ ဝန်ကြီးချုပ်ကြီးပြောသလို လေကြောင်းအရ ဖိနှိပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ ပေးဆပ်ရမှုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါ စိတ်ချမ်းသာဖွယ်ရာတွေ မဟုတ်ဘူးဆိုတာကိုတော့ အငြင်းပွားဖွယ်ရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော့အနေနဲ့ တော်လှန်ရေးအင်အားစုများ၊ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုနည်းနဲ့မှ နောက်ကြောင်းပြန်လှည့်လို့မရ၊ နောက်ဆုတ်လို့မရဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။ ဒါကြောင့် ဒီကနေ့ တွေ့ကြုံနေရတဲ့ ငိုညည်းသံတွေကို သွေးစည်းရန် အခြေခံအချက်များအဖြစ်နဲ့ အားသစ်သွားကြဖို့ပဲရှိပါတယ်။ ငိုညည်းသံများဟာ သွေးစည်းရန် အခြေခံအချက်များအဖြစ်နဲ့ပဲ ဆက်လက်ဆောင်ရွက်သွားကြရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့ ချင်းအမျိုးသားအားလုံးရဲ့ သတ္တိနဲ့ ဗျတ္တိကိုလည်းပဲ ဦးညွှတ်မိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ချင်းအမျိုးသားများဟာ အမျိုးသားတစ်ရပ်လုံးရဲ့ စုစည်းညီညွတ်မှုအတွက်ဆိုလျှင် တကယ်တမ်း ခင်မင်မှုကြောင့် ရင်းနှီးကြရုံတင်မက ယုံကြည်မှုနဲ့ပါ သွေးစည်းကြဖို့ လိုတဲ့ကာလလည်း ဖြစ်တယ်လို့ ကျွန်တော်ရှုမြင်သုံးသပ်လိုပါတယ်။ ခင်မင်မှုကြောင့်ရင်းနှီးရုံသက်သက်နဲ့ ဒီကနေ့ တော်လှန်ရေးကြီး ဆင်နွှဲဖို့ရာ အားနည်းပါတယ်။ ဒါကြောင့် ယုံကြည်မှုနဲ့ သွေးစည်းကြဖို့ အရေးကြီးပါတယ်။ ကျွန်တော် ချင်းအမျိုးသားများနဲ့ အများကြီးရင်းနှီးပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပုံမှန်တွေ့ဆုံနေကျထဲတွင် ချင်းအမျိုးသားများဟာ ပိုပြီး ထိထိစပ်စပ် နီးနီးကပ်ကပ် ရှိနေတဲ့သဘောမျိုးတွေရှိပါတယ်။ ဒါကြောင့် ချင်းအမျိုးသားများရဲ့ တကယ့်စုံညီတဲ့ အရောင်အသွေးစုံတဲ့ အင်အားစုတွေဟာ ဘယ်လောက်ထိ စုစည်းပူးပေါင်းနိုင်မလဲဆိုတဲ့ အခြေအနေမျိုးဟာ ချင်းအမျိုးသားများအတွက်ရော မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား၊ ပြည်ထောင်စုသား အားလုံးအတွက်ရော အင်မတန်မှ အရေးကြီးပါတယ်။ တကယ်တမ်းပြောရမည်ဆိုလျှင် ဒီနေ့ ICNCC ဖွဲ့စည်းခြင်းနဲ့ ဆောင်ရွက်ခြင်းက နှလုံးရည်ရော လက်ရုံးရည်ရောရဲ့အင်အားမှာ ချင်းအမျိုးသားများဟာ ထိပ်တန်းမှာရှိနေတယ်ဆိုတဲ့အထောက်အထားဖြစ်ပါတယ်။ လက်ရုံးရည်တင်မက နှလုံးရည်လည်း ပြည့်ဝတယ်ဆိုတာကို ကျွန်တော်တို့ ရှုမြင်သုံးသပ်လို့ရပါတယ်။ ဒီနေ့ထုတ်ပြန်ကြေညာချက်တွေမှာဆိုရင် အဓိကရည်ရွယ်ချက်က နှစ်ပေါင်းမြောက်များစွာ လိုလားတောင့်တနေကြတဲ့ အခြေအနေတွေကို ပြန်လည်ဖော်ထုတ်နိုင်တဲ့ အခွင့်အလမ်းအဖြစ် ဖန်တီးဖော်ဆောင်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဦးတည်ချက်များဖြစ်ကြတဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ နိုင်ငံရေးအရ နိုင်ငံရေး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ချင်းပြည်တည်ထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေဟာ အနာဂတ်ချင်းအမျိုးသား မျိုးဆက်သစ်လူငယ်များအတွက် အနာဂတ်မှာ အဲဒီလို ဂုဏ်သိက္ခာပြည့်ဝတဲ့ အခင်းအကျင်းတစ်ရပ်ကို ဖန်တီးပေးနေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ဒီလို ဖန်တီးပေးနေမှုဟာ တကယ့်သမိုင်းဝင်စွမ်းဆောင်ချက်ဖြစ်တဲ့အတွက် ဒီနေ့ ဦးဆောင်ဦးရွက်ပြုနေကြတဲ့ ချင်းအမျိုးသားများခေါင်းဆောင်များဟာ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့ အခင်းအကျင်းတစ်ရပ်ကို မျိုးဆက်သစ်တွေအတွက်ကို တည်ထောင်ဖန်တီးပေးရမယ့်တာဝန်ဟာ ကျွန်တော်တို့ရဲ့ ပုခုံးပေါ်မှာရှိနေတယ်ဆိုတဲ့အသိနဲ့ အပြန်အလှန်နားလည်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ အပြန်အလှန်အားဖြင့် ညှိနှိုင်းပြီး တန်းတူညီမျှပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်လေးနဲ့ ဆောင်ရွက်နေကြတယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီအတိုင်းပဲ ဆောင်ရွက်သွားကြပါလို့ ကျွန်တော် တိုက်တွန်းပြောကြားလိုပါတယ်။ စစ်ကောင်စီအနေအထားနဲ့ကတော့ ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ကို ပထမဆုံး သွေးအေးသွားအောင်ဆိုပြီး အချိန်တွေကိုဆွဲဆန့်သွားဖို့ ကြိုးစားပါလိမ့်မယ်။ သွေးကြောင်သွားအောင်ဆိုပြီးတော့လည်း ရက်စက်မှုသရဖူ ဆောင်းပြပါလိမ့်မယ်။ နောက်ဆုံးသွေးကွဲအောင်ဆိုတာမျိုးကို မဟာဗျူဟာရည်မှန်းချက်တစ်ခုအနေနဲ့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဲဒီတော့ သွေးကွဲအောင်ဆိုတဲ့နေရာမှာ နည်းမျိုးစုံနဲ့ သွေးကွဲအောင် ဆောင်ရွက်လာမယ်ဆိုတာကို သိမြင်ကျော်လွှားနိုင်ဖို့ရာ ကျွန်တော်တို့ မဟာဗျူဟာလိုအပ်ချက်တစ်ခုလိုဖြစ်နေပြီ ဆိုတာကို ပြောလို့ရမှာဖြစ်ပါတယ်။ လက်ရှိအနေအထားများကိုပြန်ကြည့်မယ်ဆိုရင် ဆယ်စုနှစ်ပေါင်းမြောက်များစွာ တောင့်တနေခဲ့တဲ့ (သို့မဟုတ်) ဆယ်စုနှစ်ပေါင်းမြောက်များစွာမှာ ရှိနေခဲ့တဲ့ ပုစ္ဆာက အဟောင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပုစ္ဆာအဟောင်းကို ကျွန်တော်တို့ ပုံသေနည်းအသစ်နဲ့ ဖြေရှင်းနေရတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ပုစ္ဆာအဟောင်းကို ဖြေရှင်းနည်းအသစ်၊ ပုံသေနည်းအသစ်နဲ့ ဖြေရှင်းရတာဖြစ်တဲ့အတွက် အလျဉ်းသင့်တဲ့အခါတိုင်း အခွင့်လျော်တဲ့အခါတိုင်းမှာ ရှိနေတဲ့အခြေအနေနဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ပြုပြင်မှုတွေ၊ ပြောင်းလဲမှုတွေ၊ Reform လုပ်မယ်ဆိုတဲ့အသံတွေဟာ မင်္ဂလာနဲ့ ပြည့်စုံနေတဲ့ အသံတွေဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ဒါကြောင့် ဒီ (၂) နှစ်ပြည့်တဲ့ အခြေအနေနဲ့ တွေ့ကြုံလာကြတဲ့အခြေအနေအပေါ်မူတည်ပြီးတော့ ဆုတ်နစ်သွားခြင်းမရှိ၊ တိုးတက်ဖြစ်ထွန်းတဲ့ အသိအမြင်ပုံစံနဲ့                ဆက်လက်ကျော်လွှားဖြတ်သန်းနိုင်ကြပါစေ၊ ခွန်အားအပြည့်နဲ့ဆက်ပြီး တည်ဆောက်နိုင်ကြပါစေ၊ ညီညွတ်ခြင်းနဲ့ သွေးစည်းခြင်းတို့ရဲ့ အင်အားဟာ ကျွန်တော်တို့ရဲ့ ပကတိအင်အားအဖြစ် ဆက်လက်ပြီးတော့ ခွန်အားပြည့်ပြည့်နဲ့ သတ္တိရော၊ ဗျတ္တိရော၊ စစ်ရေးရော၊ နိုင်ငံရေးရော အားလုံး လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေ တိုးပွားဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

Scroll to Top