လေးစားအပ်တဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား–
ဒီမိုကရေစီ ခယောင်းလမ်းကို ဖြတ်သန်းလာခဲ့ကြရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲအကြပ်အတည်းများ၊ စိန်ခေါ်မှုများစွာတို့ကို တိုင်းရင်းသားတော်လှန်ရေး အင်အား စုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ CDM ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် အတူ ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးခြင်းအင်အား၊ ညီညွတ်ခြင်းသက်သေတို့ဖြင့် တက်ညီလက်ညီ တွဲလက်မဖြုတ်စတမ်း ရင်ဆိုင်ကျော်ဖြတ်ကြရင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက်ကြဖို့ ဆန္ဒပြု တိုက်တွန်း နှိုးဆော်ပါတယ်။
ယခုအခါမှာ အကြမ်းဖက်စစ်တပ်ရဲ့ နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေတဲ့ ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှုတွေ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာပြည်သူများအတွက် ရပ်တည်ပြီး လက်တွေ့ကျကျ ကူညီဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ တောင်းဆိုဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို လွှတ်တော်ရဲ့ကဏ္ဍကနေ ပြည်သူတွေရဲ့အသံတွေကို နားထောင်ပြီး ပြည်သူ့ကိုယ်စား လွှတ်တော်ရဲ့ အဖြေရှာမှုပုံစံကို ချဲ့ထွင်စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်သည်အထိ အဆိုတင်သွင်း၊ ထောက်ခံခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မြန်မာနိုင်ငံ၌ ဖြစ်ပေါ် နေတဲ့ ဆိုးရွားတဲ့အခြေအနေတွေကို ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်းသိအောင် သုံးသပ်တင်ပြ ဆွေးနွေးသွားကြတဲ့အပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကြီးရဲ့ အတည်ပြုဆုံးဖြတ်ချက်ကို နိုင်ငံတကာပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့လည်း တိုက်ရိုက်ပေးပို့သွားရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေနဲ့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ ဖြစ်ပါတယ်။ လွှတ်တော်ရေးရာ သံတမန်ဆက်ဆံရေးကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ကာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းချက်များတွင် နိုင်ငံတကာရဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ဆက်လက်ရရှိနိုင်ဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။
အနာဂတ်မှာလည်း အခုလို မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ စုပေါင်းကြိုးပမ်းမှု တွေနဲ့ ပြည်သူတွေရဲ့ ခါးသီးစွာ ခံစားနေရတဲ့ဒုက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့၊ ပြည်သူ တွေရဲ့ အနာဂတ်မျှော်မှန်းချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ပေးနိုင်ဖို့ အတွက် ဆက်လက်ကြိုးပမ်းသွားကြဖို့လည်း ထပ်လောင်း မှာကြားလိုပါတယ်။ ဘေးကင်းလုံခြုံ ကျန်းမာစွာနဲ့ ပြည်သူ့အတွက်၊ နိုင်ငံ့အတွက် ဆက်လက်ထမ်းပိုးနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။