၂-၂-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့)
ယနေ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကို အောင်အောင် မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူတွေရဲ့အကျိုး၊ နိုင်ငံ့ရဲ့အကျိုးအတွက် ဆွေးနွေးမေးမြန်းမှုတွေကို အကျိုးရှိရှိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့ လွှတ်တော်အပေါ် နိုင်ငံတကာပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့တို့ရဲ့ အသိအမှတ်ပြု အလေးထားရပ်တည်မှုတွေကို ပြည်သူများ တိုက်ရိုက်ကြားသိခွင့် ရရှိနိုင်စေခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲက ပြည်သူပေးအပ်ထားတဲ့ ရွေးကောက်ပွဲအခွင့်အာဏာကို လက်နက်အားကိုးပြီး အကြမ်းဖက်ဖျက်သိမ်းဖို့ မအောင်မြင်နိုင်ဘူးဆိုတာ သက်သေပြနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲ အတားအဆီးများနဲ့ ကြုံနေပါစေ ပြည်သူကို ဆက်လက်ကိုယ်စားပြုနိုင်ဖို့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အမြန်ဆုံး အဆုံးသတ်ပေးနိုင်ဖို့ မိမိတို့ ဆက်လက် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ကိုယ်စားလှယ်များအနေနဲ့ ပြည်သူတွေအပေါ် သစ္စာစောင့် ထိန်းပြီး နိုင်ငံရေးဦးဆောင်သူများပီပီ လိမ္မာပါးနပ်စွာနဲ့ အမြော်အမြင်ကြီးကြီး လုပ်ကိုင် ဆောင်ရွက်သွားကြဖို့လည်း အထူးလိုအပ်ပါတယ်။ ပြည်သူတွေဟာ မိမိတို့အပေါ် မျှော်လင့်အားကိုးစွာနဲ့ သူတို့ရဲ့ကိုယ်စား တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ မဲပေး ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေးအပ်ထားတဲ့ အခွင့်အာဏာကို ဖြောင့်မတ် မှန်ကန်စွာကျင့်သုံးပြီး တော်လှန်ရေးအမြန် အဆုံးသတ်နိုင်ဖို့ အပြန်အလှန် နားလည်မှုတွေ၊ လေးစားမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လျှောက်လှမ်းသွားကြဖို့ သတိပေး မေတ္တာရပ်ခံအပ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတကြီးရဲ့မိန့်ခွန်းမှာ CRPH နဲ့ လွှတ်တော်ကြီး အပေါ် အလေးထားဖေါ်ပြချက်များနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ဒီဖက်တို တရားဝင်မှုရှိတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပါင်း ဆောင်ရွက်ဖို့၊ NUG နဲ့ အပြန်အလှန်ထိန်းကြောင်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ခပ်စိပ်စိပ်တွေ့ဖို့ တိုက်တွန်းချက်တွေကိုလဲ အလေးအနက်ထား ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
အလားတူပဲ ပြည်ထောင်စုဝန်ကြီးချုပ်ကြီးရဲ့ မိန့်ခွန်းမှာလည်း စစ်အာဏာရှင်စနစ် အမြစ်ပါမကျန် တိုက်ဖျက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆိုတဲ့ ဘုံရည်မှန်းချက် (၂) ခုကို အကောင်အထည်ဖော်နိုင်ဖို့ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုများ အားလုံးညီညွတ်စွာနဲ့ ပန်းတိုင်အရောက် ချီတက်ဖို့ တိုက်တွန်းချက်တွေကိုလည်း အလေးအနက်ပြုကြဖို့ ဖြစ်ပါတယ်။
လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်း တာဝန်တွေကို ကိုယ်စားပြု တာဝန်ခံဆောင်ရွက်နိုင်ဖို့ CRPH ကို ဖွဲ့စည်းခဲ့တာ နှစ်နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းဖို့ အစဉ်တစိုက်ကြိုးပမ်းနေပါတယ်။ နှစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ သင်ခန်း စာတွေ၊ ပြင်ဆင်ရမယ့် လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေး အောင်မြင်နိုင်ဖို့ ဥပဒေပြု အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။ ယခုထက် ပိုမိုညီညွတ်တဲ့ အင်အားတွေနဲ့သာ မိမိတို့ မျှော်မှန်းတဲ့ ပန်းတိုင်ဆီ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ယခုအချိန်ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းတာဝန်တွေကိုသာမက ကြားကာလ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေအထိပါ ပြင်ဆင်မှုတွေ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ လုပ်ဆောင်သွားရမယ့် လုပ်ငန်းတွေ များပြားသလို ဆုံးဖြတ်ရတာတွေမှာ လည်းပဲ အင်မတန် သတိကြီးကြီးထားပြီး ဆောင်ရွက်သွားရမှာတွေ ဖြစ်ပါတယ်။ မိမိတို့ ဒီမိုကရေစီအင်အားစုတွေအကြား ခိုင်မာတဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့၊ နွေးထွေးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်ဖို့ လိုပါတယ်။
CRPH အနေနဲ့ မြန်မာ့လွှတ်တော်ကို နိုင်ငံတကာအသိုက်အဝန်းက အားပေး ထောက်ခံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင်ဆောင်ရွက်နေသလို ရှင်သန်နေတဲ့ လွှတ်တော်ကြီးအဖြစ် ပြည်သူတွေကို ကိုယ်စားပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့အချိန်မှာ သီးခြားတွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေးကိုလည်း စီစဉ်သွားမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီများက ကိုယ်စားလှယ်အချို့ကို လေ့လာသူဧည့်သည်များအဖြစ် အချိုးကျ ဖိတ်ကြား တက်ရောက်စေခြင်း ဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်၊ ရှင်သန်တဲ့လွှတ်တော်များအဖြစ် စွမ်းဆောင်နိုင်စေရေးကို ရည်ရွယ်ပါတယ်။
မိမိတို့ပခုံးပေါ်မှာ ရောက်ရှိလာတဲ့ နိုင်ငံရဲ့ဝန်တွေ၊ ပြည်သူရဲ့ဝန်တွေကို ကြိုးပမ်းထမ်းရွက်သွားကြမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်စားလှယ်တော်ကြီးများရဲ့ ယခုထက်ပိုသာတဲ့ ပြည်သူ့အလုပ်အကျွေးပြုမှု သတင်းကောင်းတွေကိုလည်း မျှော်လင့်နေပါတယ်။
ပြည်သူကိုရိုသေ ပြည်သူကိုလေးစားတဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဘေးကင်း လုံခြုံ ကျန်းမာကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။
