ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိနိုင်ငံရေးအခြေအနေများ၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်(တနင်္လာနေ့)၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အခန်းကဏ္ဍအနေဖြင့် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ မြေပြင်အခြေအနေများ၊ လွှတ်တော်အချင်းချင်းအကြားတွင် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ဆောင်သင့်သည့်ကိစ္စရပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ မဟာမိတ်တိုင်းရင်းသားအင်အားစုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အခြားသိရှိလိုသည့်မေးခွန်းများအား မေးမြန်းခဲ့ကြရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးဖြေကြား၍ ၁၂၀၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ မိုင်းလမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



