ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ရာ ရေးရာကော်မတီများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က သတင်းအချက်အလက်များအား မြန်ဆန်စွာ ချိတ်ဆက်မျှဝေပေးနိုင်ရန်၊ သတင်းစီးဆင်းမှုအား အထူးအလေးပေးဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် လွှတ်တော်အခန်းကဏ္ဍအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM Support ကိစ္စရပ်များ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့်အတူ ပူးပေါင်း၍ နိုင်ငံရေးအကျဉ်းသားများအတွက် ချိတ်ဆက်ကူညီပေးမှုများ၊ မြေပြင်အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည့် ကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအနေဖြင့် ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့်အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နှင့် တွေ့ဆုံခဲ့သည့် အခြေအနေများနှင့် အခြား နိုင်ငံတကာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကော်မတီအနေဖြင့် စွမ်းရည်အခြေပြုသင်ရိုးညွှန်းတမ်းဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အခြေအနေများ၊ သက်ဆိုင်ရာပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံသွားမည့်ကိစ္စရပ်များ၊ အလုပ်သမားရေးရာကော်မတီအနေဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့်တွေ့ဆုံ၍ ဆွေးနွေးသွားမည့် အကြောင်းအရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကာ အခြားရေးရာကော်မတီအဖွဲ့ဝင်များက အထွေထွေကိစ္စရပ်များ တင်ပြဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား ၂၁:၀၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ (၁၁) ခုမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



