Home / CRPH က (၇၄) နှစ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

CRPH က (၇၄) နှစ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်

ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား မွန်တိုင်းရင်းသားများ တန်ဖိုးထားအလေးအမြတ်ပြုသည့် (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့ဖြစ်ပေသည်။ မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့်အတူတကွ ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။

မွန်တိုင်းရင်းသားတို့သည် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးမှုသမိုင်းအစဉ်အလာ မြင့်မားလျက် ပြည်ထောင်စုအတွင်း စည်းလုံးညီညွတ်အေးချမ်းစွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ညွှန်းအပ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာငြိမ်းချမ်းမှု စသည့် ကောင်းခြင်းလက္ခဏာများသည် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် လေးစား နားလည် စာနာမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု ရှိကြမှသာ ပြည့်စုံနိုင်မည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖက်စစ်တော်လှန်ရေးသမိုင်း၊ လွတ်လပ်ရေးသမိုင်းနှင့် စစ်အာဏာရှင် တော်လှန်ရေးသမိုင်း ဖြစ်စဉ်တိုင်းတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တစိတ်တဝမ်းတည်း အတူယှဉ်တွဲ တိုက်ပွဲဝင်ခဲ့ကြသည့် မှတ်တမ်းအထောက်အထားများ ခိုင်လုံစွာ ရှိခဲ့ပြီးဖြစ်ပေသည်။ ယနေ့ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင်တစ်စုက ဥပဒေမဲ့အာဏာသိမ်းယူခဲ့မှုကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ခရီးအတွက် ကြီးစွာသော အန္တရာယ်ကျရောက်နေရပြီး မွန်တိုင်းရင်းသားများ အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကို လုံး၀ဆန့်ကျင်လျက် နေ့စဉ်ရက်ဆက် အကြမ်းမဖက်သော နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြသည့် အချိန်ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ကြသော တိုင်းရင်းသားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား စစ်အာဏာရှင်တို့က အကြမ်းဖက် ဖြိုခွဲဖမ်းဆီးဖိနှိပ်မှုများ ကြုံတွေ့နေရပါသည်။

Civil Disobedience Movement တွင် ပါဝင်ကြသည့် မွန်တိုင်းရင်းသား နိုင်ငံ့ဝန်ထမ်းများ၊ မွန်တိုင်းရင်းသားပြည်သူ လူငယ်မောင်မယ်များအား လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါသည်။

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို အခြေခံပြီး ဖက်ဒရယ်စနစ်ကို ပီပြင်စွာဖော်ဆောင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုဖွား မွန်တိုင်းရင်းသားများအနေဖြင့် အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ လက်တွဲပူးပေါင်း ညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြပါစို့ဟု အလေးအနက်တိုက်တွန်းရင်း သဝဏ်လွှာ ပါးအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top