Home / နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်

နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်

၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရခြင်းနှင့်စပ်လျဥ်း၍ မိမိတို့ အနေဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြလိုပါသည်။ အကြမ်းဖက်စစ်တပ်၊ တပ်ဖွဲ့ဝင် များက ဆရာတော်ဘုရားကြီး စီးနင်းလိုက်ပါလာသည့်ကားအား ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် ရက်စက်စွာ ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော်ဘုရားပျံလွန်တော်မူခဲ့ရသည်ကို ကန်သုံးဆင့်ဆရာတော် ဘုရား၏ မျက်မြင်မိန့်ကြားချက်အရ သိရှိရပါသည်။ စစ်အုပ်စုအနေဖြင့် ပြည်သူအား လိမ်လည် လှည့်ဖြား၍ သတင်းအမှားများ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းဖြင့် ၎င်းတို့ကျုးလွန်သည့် စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

၂။ ဝင်းနိမ္မိတာရုံဆရာတော် ခန္ဓာဝန်ချပျံလွန်တော်မူသွားခြင်းသည် ဘာသာ၊ သာသနာနှင့် နိုင်ငံတော်အတွက် လွန်စွာကြီးမားလှသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။ ဆရာတော်သည် တပည့် သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်သာမက ဆရာတော်၏ ဥာဏ်ပညာဂုဏ်ရည်နှင့် သာသနာတော်အတွက် ကြိုးစားအားထုတ်မှုတို့သည် သမိုင်းဝင် လေးစားဂုဏ်ယူရမည့် အရည်အချင်းများဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။

၃။ နိုင်ငံတဝှမ်းတွင် အကြမ်းဖက်နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူလူထုအား အကြောက်တရား ရိုက်သွင်းနေသည့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကြားတွင် ပြည်သူလူထုအားလုံးအနေဖြင့် အခက်အခဲစိန်ခေါ်မှုများနှင့် ဆင်းရဲကြပ်တည်းမှုများစွာ ခံစားနေကြရကာ ယခုကဲ့သို့ ပြည်သူတို့၏ လေးစားဂုဏ်ယူကြည်ညိုရသော သံဃနာယကဆရာတော်တစ်ပါးအား ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ် သတ်ဖြတ်မှုသည် လွန်စွာဝမ်းနည်းဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် ယင်းအကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top