Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အမှတ်တရစကား ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အမှတ်တရစကား ပြောကြား

၁၉-၆-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အမှတ်တရစကား ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ကိုယ်စား အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။

ဒီကနေ့မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ (၇၇) နှစ်မြောက် မွေးနေ့ပွဲသို့ တက်ရောက်ကြပါသော ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင် ဒေါ်မေဝင်းမြင့်၊ ပါတီအမှုဆောင်များနှင့် ပါတီဝင်များ၊ လူထုခေါင်းဆောင်အား လေးစားချစ်ခင်၍ တက်ရောက်ပေးကြသည့် နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်များ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေကြသည့် ပြည်သူအပေါင်း ကိုယ်စိတ်နှလုံး အေးချမ်းသာယာပြီး ယခုကြုံတွေ့နေရသည့် ဘေးဒုက္ခအပေါင်းမှလည်း အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

မိမိတို့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်ရဲ့ (၇၇) ပြည့် မွေးနေ့အခါသမယမှသည် နောင်နှစ်ပေါင်းများစွာ အသက်ရှည်ကျန်းမာပါစေ၊ တာအလွှတ်မှာ ခွန်အားအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ တိုင်းပြည်တာဝန်များကို အားအင်အပြည့်ဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းမှုများကြားမှ စစ်အာဏာရှင်များအား ဆန့်ကျင်ပြီး နိုင်ငံရေးယုံကြည်ချက်ကို ခိုင်မာစွာ ရပ်တည် လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ (၇၇) နှစ်ပြည့် မွေးနေ့မှာ မတရားဖမ်းဆီးခံ ထားရပြီး အကျဉ်းချခံထားရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးအနက် တန်ဖိုးထားပြီး စစ်အာဏာရှင်များရဲ့ လက်နက် အားကိုးဖြင့် အနိုင်ကျင့်မှုကို ဦးမညွှတ်ဘဲ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် စစ်အာဏာ ရှင်တို့အား လိုက်လျောမှုမရှိဘဲ ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုက ဆန္ဒမဲပေး ထောက်ခံခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့ပြီး မိမိတို့ရဲ့ ခေါင်းဆောင်များ၏ ခိုင်မာသော ရပ်တည်ချက်နှင့်အတူ ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်လျက် နိုင်ငံရဲ့တာဝန်များကို ထမ်းဆောင်ရင်း စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ပွဲဝင်နေလျက်ရှိပါတယ်။

အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်နှစ်ခွဲကျော် ကြာမြင့်သည့် အချိန်တွင် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူထောင်ပေါင်းများစွာ သည် မတရားဖမ်းဆီးခံထားရလျက်ရှိပါတယ်။ စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးရလျက်ရှိပါတယ်။ များစွာသော ပြည်သူများသည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတာအတွက်လည်း များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီကနေ့ ကျရောက်တဲ့ မိမိတို့ ခေါင်းဆောင်ရဲ့ မွေးနေ့အခါသမယမှာ ခေါင်းဆောင်များ၏ လမ်းစဉ်အတိုင်း မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များက ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေး၊ စစ်အာဏာရှင်များ မြန်မာ့မြေပေါ်မှ ပပျောက်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။

အခက်အခဲ၊ အတားအဆီး ဘယ်လောက်ပင်ရှိပါစေ စည်းလုံးညီညွတ်စွာနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အချိန်တိုတိုအတွင်း ရောက်ရှိနိုင်အောင် ကြိုးပမ်းသွားကြဖို့ အထူးလိုအပ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲဘော်ရဲဘက် နိုင်ငံရေး အကျဉ်းသားများအတွက်၊ အသက်ပေးတိုက်ပွဲဝင်သွားခဲ့ကြရသည့် ရဲဘော်ရဲဘက်များ အတွက် ကျရာကဏ္ဍများမှာ တာဝန်ကျေပွန်အောင် ဆထက်တိုးထမ်းရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ယနေ့အချိန်ထိတိုင် ဘက်ပေါင်းစုံမှ ကြံ့ကြံ့ခံ ဆန့်ကျင်တော်လှန်နေကြသည့် တိုင်းရင်းသားပြည်သူများအား များစွာ ကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။ ပြည်သူများ ခံစားနေရသည့် ဒုက္ခအပေါင်းမှ အမြန်ဆုံး ကင်းဝေးနိုင်စေရေးလည်း မိမိတို့ ယခုထက် ပိုမိုကြိုးစား ထမ်းဆောင်သွားပါမယ်။ မဝေးတော့သည့် ပန်းတိုင်ဆီ မိမိတို့နှင့် အတူ ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်စား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌအနေဖြင့် ကတိပြု ပြောကြားလိုတာကတော့ ပြည်သူလူထုက ယုံကြည်စွာ ဆန္ဒမဲပေး ရွေးကောက်တင်မြှောက်၍ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို ရိုကျိုးစွာကျင့်သုံးပြီး လူထုရဲ့ အသံကို လေးနက်စွာ နားထောင်ရင်း နွေဦးတော်လှန်ရေးခရီး အောင်မြင်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ ခေါင်းဆောင်ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို အစဉ်လေးစား တန်ဖိုးထားပြီး ညီညီညွတ်ညွတ်နှင့် အပြန်အလှန်ဖေးမကူညီရင်း တော်လှန်ရေး ပန်းတိုင်ဆီသို့ အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top