Home / လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ဒီကနေ့ကျရောက်တဲ့ မိမိတို့ရဲ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့်၊ မင်္ဂလာရှိတဲ့ မွေးနေ့အခမ်းအနားကို တက်ရောက်နေကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခေါင်းဆောင်များနဲ့ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်နေကြတဲ့ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ ပြည်သူ၊ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအမျိုးမျိုးမှ ကင်းလွတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခံထားရတဲ့ ဒီကနေ့ရဲ့ မွေးနေ့ရှင် မိမိတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအတွက် ကျန်းမာပြီး မတရားဖမ်းဆီးချုပ်နှောင်ခံရမှုကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဦးစွာပထမ ဆန္ဒပြုဆုတောင်းအပ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိတို့ခေါင်းဆောင်ရဲ့ မွေးနေ့အခါသမယတိုင်းမှာ အလေးထားဆောင်ရွက်ခဲ့ကြသလို ဒီနှစ် အသက် (၈၀) ပြည့် မွေးနေ့မှာလည်းပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မတရားဖမ်းဆီးခံထားကြရတဲ့ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့မှုနှင့်အတူ ကျင်းပတဲ့ ဒီကနေ့လို အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုယ်စား အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိသလို မွေးနေ့ရှင် လူထုခေါင်းဆောင်မပါဝင်ဘဲ ကျင်းပနေရဆဲဖြစ်တဲ့အတွက်လည်း များစွာ စိတ်နှလုံး ထိခိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ သူမတူတဲ့ ကြံ့ခိုင်မှုနဲ့ အေးဆေးတည်ငြိမ်စွာပဲ ဖြတ်ကျော်နေမယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လူထုခေါင်းဆောင်ဟာ လူမပီသတဲ့စစ်အာဏာရှင်အဆက်ဆက်ကို ကြောက်ဒူးတုန်စေတဲ့ ထူးကဲတဲ့ အမျိုးသမီးကြီးလည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ပြည်သူအပေါ် မိဘသဖွယ် စေတနာကြီးကြီး၊ မေတ္တာကြီးကြီး၊ အမြော်အမြင်ကြီးကြီးနဲ့ ကာလရှည် ကြိုးပမ်းနေခဲ့လို့လည်း ပြည်သူအများက “အမေ” ဆိုပြီး မြတ်နိုးတန်ဖိုးထားခံရတဲ့ ဂုဏ်ရည်ပိုင်ရှင်လည်း ဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့ပွဲအခမ်းအနားမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ကဏ္ဍအသီးသီးမှာ ဝန်ထမ်းနေကြတဲ့ အမျိုးသမီးတွေကိုလည်း လေးစားစွာ ချီးကျူးဂုဏ်ပြုကြောင်း ပြောပါရစေ။ မြန်မာ့နိုင်ငံရေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစလို့ မြန်မာအမျိုးသမီးများစွာရဲ့ အခန်းကဏ္ဍဟာလည်း လေးစားထိုက်တဲ့ တန်ဖိုးထားထိုက်တဲ့ အရာဖြစ်သလို အရေးပါတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုး တိုးတက်ကောင်းစားရေးအတွက် ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုများဟာ အဆုံးမရှိသလို တန်ဖိုးလည်းမဖြတ်နိုင်ပါဘူး။ လူထုခေါင်းဆောင်ကိုယ်တိုင်ကတော့ ပေးဆပ်မှုလို့ သုံးနှုန်းတာကို မကြိုက်သလို သုံးလည်း မသုံးခဲ့ပါဘူး။ အဲဒီအစား ရွေးချယ်မှုလို့ပဲ အမြဲသုံးပါတယ်။ တိုင်းပြည်နဲ့ပြည်သူအတွက် မိမိတို့‌ခေါင်းဆောင်ဟာ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ကျေကျေနပ်နပ်နဲ့ ရွေးခဲ့တဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်ရဲ့ ဥပဒေမဲ့အာဏာသိမ်းမှုနောက် မြန်မာပြည်သူများဟာလည်းပဲ တိုင်းပြည်ရဲ့အနာဂတ်အတွက် ခက်ခဲတဲ့လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီကနေ့အထိ လူမဆန်တဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်နေမှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း ရည်မှန်းချက်ပန်းတိုင်ဆီ ဆက်လက်လျှောက်လမ်းနေကြဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ အလုပ်မပါဘဲ မျှော်လင့်ချက်ဆိုတာ ထားလို့မရဘူးဆိုပြီး ခဏခဏ သတိပေးပြောကြားလေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်တွေ အဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့တွေ အလုပ်တွေ တိုးလုပ်နိုင်ဖို့ လိုပါသေးတယ်။ အတူတူ စည်းစည်းလုံးလုံးနဲ့ ဘုံရည်မှန်းချက်ဆီ လျှောက်လှမ်းခြင်းကသာ ကျွန်တော်တို့ ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခကို အမြန်ဆုံး ငြှိမ်းသတ်ပေးနိုင်မှာ ဖြစ်ပါတယ်၊ အဖက်ဖက်မှာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်ကို အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့အထိ လူကြီး၊ လူငယ် အလွှာပေါင်းစုံကနေ၊ အင်အားစုအသီးသီးကနေ ပြဿနာအရပ်ရပ်ရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်တွေ ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်သလို အနာဂတ်နိုင်ငံတော်သစ်ကို ဘယ်လိုတည်ဆောက်သွားကြမလဲဆိုတဲ့အပေါ်ကိုလည်း စုပေါင်းအဖြေရှာနေကြချိန်ဖြစ်ပါတယ်။ တချိန်တည်းမှာ ကျွန်တော်တို့အချင်းချင်းဟာ ဆက်ပြီး ကျောချင်းကပ်ထားကြရဖို့လိုသလို အချင်းချင်း ရင်ဘတ်တွေနီးအောင်လည်း ကြိုးပမ်းသွားကြဖို့ လိုပါသေးတယ်။

အခက်အခဲနဲ့ ကြုံခဲ့သည့်တိုင်အောင် ဆက်လျှောက်လှမ်းကြရင်းနဲ့ ကျွန်တော်တို့ ပန်းတိုင်ဆီရောက်အောင် လျှောက်လှမ်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကိုယ့်အချင်းချင်း၊ အင်အားစုအချင်းချင်း တန်ဖိုးထားခြင်းနဲ့ ရှေ့ဆက်ချီတက်ကြပါစို့လို့ ပြောရင်း နိဂုံးချုပ်လိုပါတယ်။

မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်နှင့်တကွ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ တော်လှန် ပြည်သူအပေါင်းနဲ့ အင်အားစုအသီးသီးက ခေါင်းဆောင်များ၊ ပါဝင်သူများ ဘေးကင်းလုံခြုံကြပါ စေ၊ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေ။

မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချစ်တဲ့ မိသားစု၊ ပြည်သူများနဲ့ အမြန်ဆုံးဆုံစည်းပြီး ပြည်ထောင်စုအကျိုး ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top