Home / စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်

               စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်နာယကကြီးနှင့်တကွ လေးစားအပ်တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအားလုံးနှင့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးကင်းလုံခြုံ ကျန်းမာ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ယခုလို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

               ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ဒုက္ခအပေါင်းကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်သူလူထုအတွက် ကျရာ အခန်းကဏ္ဍများမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတာကို များစွာ ဂုဏ်ယူလေးစား ပါကြောင်း ပြောကြားအပ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ရှိကြသော ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များဟာ ပေးဆပ်မှုပေါင်း မြောက်များစွာနဲ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ မဆုတ်မနစ် ပါဝင်ဆင်နွှဲနေကြတာ ကမ္ဘာကပင် အသိအမှတ်ပြုနေရပါတယ်။ ဘဝကိုပေးဆပ်ပြီး လမ်းသစ်ဖောက်ကာ လျှောက်လှမ်းနေကြရတာလည်းဖြစ်ပါတယ်။

               မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဟာ လူထုလူတန်းစား အလွှာအသီးသီးကနေ ရောက်ရှိလာကြတာဖြစ်သည့်အတွက် အမြင်တွေ၊ ခံစားချက်တွေ တူကောင်းမှ တူကြမှာ ဖြစ်ပေမယ့် ပြည်သူများက လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရတဲ့ ဆင့်လွှဲအာဏာအရ တာဝန်ယူ ထမ်းဆောင်ကြရာမှာတော့ ပြည်သူများရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရန် ဆိုတဲ့ ခံယူချက် တူညီစွာနဲ့  ဆွေးနွေးညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  ပြည်သူကို ကိုယ်စားပြု တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအခွင့်အရေးများကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံလုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။

               “မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုရဖို့ ရုန်းကန်ခြင်းသည် ဘဝနှင့်ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခြင်းဖြစ်တယ်လို့” ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တာဝန်ဟာ ကျနော်တို့အားလုံးရဲ့ ပုခုံးပေါ်ကို ကျရောက်လာပြီ ဖြစ်ပါတယ်။ ရှောင်လွှဲလို့မရပါဘူး။ မိမိတို့လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် နောက်ပြန်မလှည့်ဘဲ ပြည်သူ့ဆန္ဒနဲ့အညီ ရှေ့သို့ ချီတက်ကြမှာ ဖြစ်ပါတယ်။ ပြည်သူများ၏အသံကို အစဉ်တစိုက် တလေးတစားနားထောင်ပြီး တော်လှန်ရေးရေဆန်ခရီးကို အတူတကွဆန်တက်ကြရင်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေအတွက် အားထုတ်လုပ်ကိုင်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များဟာ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကိုလျှောက်နေကြသူများပဲ ဖြစ်ပါ တယ်။  စစ်ကိုင်းတိုင်းဟာ မိမိတို့နွေဦး တော်လှန်ရေးမှာ စံနမူနာယူကြရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သလို တော်လှန်ရေးရဲ့တပ်ဦးကနေ ရှိနေတယ်ဆိုရင်လည်း မမှားပါဘူး။ စစ်ကိုင်းတိုင်းက ပြည်သူများရဲ့ တော်လှန်သတ္တိကိုလည်း မလေးစားပဲ မနေနိုင်ပါဘူး။ ခိုင်မာသော ဇွဲ၊ သတ္တိအပြည့်ဖြင့် ဘယ်လို အခက်အခဲမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်ရင်း စုစည်းညီညွတ်စွာ ဆက်လက်ချီတက်ကြတာ ဖြစ်ပါတယ်။ ဒီအတွက် တရားမျှတမှု ပြန်လည် ရရှိရေးနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားတည်ထောင်ရေးတို့ကို ပြည်သူ့ အစိုးရများအနေနဲ့ အာမခံတာဝန်ယူဆောင်ရွက်ပေးရမှာလည်း ဖြစ်ပါတယ်။

               ယခု ၂၀၂၃ ခုနှစ်ဟာ ဖက်ဆစ် စစ်မိစ္ဆာ နိဂုံးအဆုံးသတ်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးလည်း မိမိတို့ မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ စုစည်းမှုအင်အားကို အခြေပြုကာ နွေဦးတော်လှန်ရေးအင်အားစုများနဲ့လက်တွဲပြီး တစ်သံတည်းညီ တစ်ချီတည်း ရုန်းရင်း နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ ဆက်လက်ချီတက်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

Scroll to Top