၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ယနေ့ ချင်းပြည်(Chinland)ကောင်စီကနေ ကြီးမှူးကျင်းပတဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ ချင်းအမျိုးသားတော်လှန်ရေး ခေါင်းဆောင်ကြီးများ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ ဖိတ်ကြား ထားတဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ၊ ဧည့်သည်တော်များ၊ livestream မှတစ်ဆင့် ပါဝင် ဆင်နွှဲပေးနေကြတဲ့ တော်လှန်ပြည်သူများအားလုံး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံကြပါစေ၊ ကျန်းမာဘေးကင်းကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုပါတယ်။
ချင်းတိုင်းရင်းသားလူမျိုးတို့ရဲ့ ထူးမြတ်လှတဲ့၊ ဂုဏ်ယူစရာလည်းကောင်းလှတဲ့ ချင်းအမျိုးသားနေ့မှာ ယခုလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား အမှတ်တရ စကား ပြောခွင့်ရတဲ့အတွက်လည်း ကျနော့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းမြောက် ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ စောစောက ဆရာမပြောသွားတဲ့ သမိုင်းကြောင်းအစဉ်အလာအရ သိရှိရတဲ့အခါမှာလည်းပဲ အင်မတန်မှ လေးစားထိုက်တဲ့နေ့ဆိုတာ ပိုပြီးတော့ ထင်ရှားပေါ်လွင်ပါတယ်။ ယခုလို ဂုဏ်ပြု အခမ်းအနားများ ကျင်းပပြီးတော့ ချင်းတစ်မျိုးသားလုံးရဲ့ စုစည်းညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုတွေ အတွက် ကြည်နူးဖွယ် ကောင်းတဲ့ သမိုင်းအစဉ်အလာလည်း ဖြစ်ပါတယ်။
ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနဲ့ ချင်းလူမျိုးစုများဟာ သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်၊ ဒီမိုကရေစီစနစ်ကို လေးစားတန်ဖိုးထားတဲ့စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ ရှင်သန်ထက်မြက်စွာနဲ့ လွတ်လပ်ရေးရရှိဖို့ အားထုတ်ကြိုးပမ်းခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြတဲ့ ပြည်သူများဖြစ်ပါတယ်။ ရှေ့မှာ ယာယီသမ္မတကြီးနှင့်တကွ ပြောသွားခဲ့ ကြတဲ့ သမိုင်းအစဉ်အလာတွေဟာ အင်မတန်မှ ဂုဏ်ယူမှတ်သားစရာကောင်းတဲ့ ဆက်လက်ပြီး တော့လည်း ထိန်းသိမ်းထားရမယ့် အစဉ်အလာတွေ ဖြစ်ပါတယ်။ ချင်းဒေသမှာ မတူကွဲပြားမှုတွေ ရှိသော်လည်းပဲ စည်းလုံးမှုကို တည်ဆောက်နိုင်ခဲ့ကြတဲ့ လေးစားထိုက်တဲ့ အစဉ်အလာကောင်း တွေအဖြစ်လည်း ဂုဏ်ယူလိုပါတယ်။
ပြည်သူအားလုံးရဲ့ နွေဦးတော်လှန်ရေးခရီးလမ်းဟာ အခုဆိုရင် (၅) နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ပြီးတော့ ဘယ်လိုခက်ခဲကြမ်းတမ်းပါစေ အတူတကွ ရှေ့ဆက်ကြမယ်ဆိုတဲ့ ခိုင်မာတဲ့ ဦးတည်ချက်၊ ယုံကြည်ချက်တွေနဲ့ လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က နည်းလမ်းမျိုးစုံနဲ့ ပြည်သူနဲ့ နိုင်ငံတော်ကို အမှောင်တိုက် သွင်းနေဆဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ ကျနော်တို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမယ့် ပြည်သူ့အင်အားတစ်ရပ်လုံးရဲ့တိုက်ပွဲ ဖြစ်ပါတယ်။
ချင်းတော်လှန်ရေး ခေါင်းဆောင်ကြီးများအပါအဝင် ချင်းပြည်သူလူထု၊ ချင်းမျိုးဆက်သစ် လူငယ်ထုများရဲ့ စွန့်လွှတ်စွန့်စားကြိုးပမ်းမှုများကလည်း တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ရပ်အနေနဲ့ လှုပ်ရှားပါဝင်လျက်ရှိတာကို မိမိတို့အနေနဲ့ လွန်စွာ အားတက်ဂုဏ်ယူ ရပါ တယ်။ အားလည်းအားကိုးပါတယ်။ တူမီးကစတဲ့ ရရာလက်နက်စွဲကိုင်ပြီးတော့ စတင်ခုခံတွန်းလှန် ခဲ့တဲ့ ချင်းဒေသဟာ ယခုဆိုရင် အကြမ်းဖက်စစ်တပ်နဲ့ သူရဲ့သစ္စာခံ အကြမ်းဖက်သမားတွေ ခြေချ ရဲစရာမရှိလောက်အောင် ကြောက်လန့်နေကြရတဲ့ ဒေသဖြစ်လာတာ တွေ့ရပါတယ်။ ဒါဟာလည်း ပြည်တွင်းပြည်ပ ချင်းလူမျိုးစုအသီးသီးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ဖြစ်ပါတယ်။ မတရားမှုကို အသာတကြည်လက်ခံပြီး အညံ့ခံခေါင်းငုံ့နေကြမယ့် ချင်းလူမျိုးတွေ မဟုတ်ဘူး ဆိုတာကို တရားမျှတမှုအတွက် ပေးဆပ်အနစ်နာခံကာ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တိုက်ပွဲ ဝင်နေကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံအကြားမှာ နှစ်ပေါင်းများစွာ တိုင် အမြစ်တွယ်စိုးမိုးနေခဲ့တာမို့လို့ မိမိတို့အားလုံးအနေနဲ့ ကိုယ်တိုင်တစ်ဦးချင်းစီက အမြစ်ပြတ် ရှင်းထုတ်နိုင်ဖို့ ကြိုးစားသွားကြရန်လည်း အထူးလိုအပ်ပါတယ်။ ပြည်သူလူထုကသာ တော်လှန် ရေးရဲ့ ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ ဦးတည်ရာလမ်းကြောင်းဆီကို ပဲ့ထိန်းမှန်မှန်နဲ့ လေဒဏ်မိုးဒဏ် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရင်း ရှေ့ဆက်သွားကြမယ်လို့လည်း ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့ရဲ့ တူညီတဲ့ဘုံရည်မှန်းချက်ပန်းတိုင်ဆီကို သွားရာမှာ မိမိတို့ အားလုံးဟာ တစ်ဦးရဲ့အမြင်သဘောထားကို တစ်ဦးက တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ဓာတ်နဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဟာ အဲဒီလိုဆောင်ရွက်နိုင်ခြင်းကသာ အဆုံးသတ်အောင်ပွဲဆီကို အရောက်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ချင်းပြည်(Chinland)ကောင်စီ ဥက္ကကြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်းပဲ ညီညွတ်ရေးရဲ့ အရေးကြီးကြောင်းအခန်းကဏ္ဍကိုလည်း ထည့်သွင်း ပြောဆို သွားတဲ့အတွက် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ အခု လမ်းခုလတ်မှာ ယုံကြည်မှုမခိုင်မာတဲ့သူတွေ၊ ပြည်သူ့သစ္စာကို မစောင့်ထိန်းတဲ့သူတွေ၊ အဖွဲ့အစည်းတွေ စသည် ဖြင့် ကြုံဆုံနိုင်ပါတယ်။ ဒါတွေကိုလည်း မိမိတို့အနေနဲ့က အချင်းချင်းကြားမှာ ဉာဏ်ပညာကြီးစွာ ပိုမိုပြီး အသိသတိထား စီမံဆောင်ရွက်ကြဖို့လည်း လိုအပ်လျက်ရှိပါတယ်။
လွတ်လပ်မှုအခြေတည်တဲ့၊ စုစည်းမှုအားကောင်းတဲ့ ညီညွတ်မှုကို ရှေးရှုတဲ့၊ ပူးပေါင်း ဆောင်ရွက်မှု အလေ့အကျင့်ကောင်းတွေ ထွန်းကားလာတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တော်သစ်ကို ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ အားလုံးသော ချင်းတော်လှန်ရေး အင်အားစုများ အနေနဲ့ ကြိုးစားတည်ဆောက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချင်းလူမျိုးတို့ရဲ့ သမိုင်းမှတ်တမ်းကောင်းများ လက်ဆင့်ကမ်း ထိန်းသိမ်းပြီးတော့ ယခုလို အခမ်းအနားများကို အလေးအနက်ထား ဂုဏ်ပြုကျင်းပ သွားနိုင်ကြကာ အသည်းထဲ၊ နှလုံးထဲ၊ အသွေးထဲ၊ အသားထဲကနေပြီးတော့ ချင်းလူမျိုးတို့ရဲ့ ညီညွတ်မှုအင်အားဟာ ကမ္ဘာတည်သရွေ့ ဆက်လက်တည်မြဲခိုင်ခံ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။


