Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး၊ ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အဖွင့်အမှာစကား

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး၊ ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အဖွင့်အမှာစကား

၁၈-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီ
 
ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး (ပထမနေ့) ကို တက်ရောက် နေကြသော လေးစားအပ်တဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်း များ၊ ကြားကာလဖက်ဒရယ်ယူနစ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်ကြီးများ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ သံဃာ တော်အရှင်သူမြတ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ ဂုဏ်သရေရှိ သံတမန်များ၊ ဧည့်သည်တော်များ နှင့်တကွ နိုင်ငံသူ/နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
 
ခက်ခဲကြမ်းတမ်းတဲ့ခရီးရှည်ကို အတူတူဖြတ်သန်းနေကြရဆဲဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်၊  ရဲဘော်ရဲဘက်တွေကို အခုလိုအချိန်မှာ စုံစုံညီညီပြန်လည်ဆုံတွေ့ခွင့်ရတဲ့အတွက်လည်း အင်မတန် မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီနှစ်ထဲမှာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြတဲ့ ဦးစောငွေစော၊ ဒေါ်ကေရွယ်အောင်၊ ဦးတင်ထွဋ်လင်းတို့ (၃) ဦး ထပ်မံအသက်ဆုံးရှုံးသွားကြတဲ့အတွက်လည်း အင်မတန် ဝမ်းနည်းရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ပစ်မှတ်ထားဖမ်းဆီးခံရမှုကို ရှောင်ရှားရင်း ဒီကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၁၂) ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး အသက် ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။  အသက်ရှင်ကျန်ရစ်နေကြသေးတဲ့ မိမိတို့တစ်တွေဟာ အသက်ဆုံးရှုံးခဲ့ရ တဲ့၊ မတရားထောင်သွင်းအကျဉ်းချခံနေရကြတဲ့ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန် တွေကိုပါ ထမ်းပိုးရင်း တော်လှန်ရေးအောင်မြင်ဖို့ ညီညီညွတ်ညွတ် ဆက်လက်လျှောက်လှမ်းကြ ရအုံးမှာ ဖြစ်ပါတယ်။
 
သမိုင်းကပေးတဲ့တာဝန်အပြင် ရွေးကောက်ပွဲကတစ်ဆင့် ပြည်သူက အပ်နှင်းလိုက်တဲ့ အခွင့်အာဏာကို မိမိတို့ဟာ ကျင့်သုံးနေကြတဲ့ တရားဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့် ဘယ်လိုအတားအဆီးရှိရှိ ပြည်သူတမ်းတနေတဲ့ အနာဂတ်သစ်ကို ဖန်တီး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြရမှာ မိမိတို့ တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ 
 
တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ လူရောစိတ်ပါ ပင်ပန်းနေကြသည့်တိုင် ဒီကနေ့အချိန်အထိ မိမိတို့ကျရာတာဝန်၊ နိုင်တဲ့အခန်းကဏ္ဍမှာ တာဝန်ကျေပွန်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းထမ်းရွက်နေကြတဲ့ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်းလည်း ဒီကနေ့ ထပ်လောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဝီရိယ (၄) ဆင့်မှာ တတိယအဆင့်ဖြစ်တဲ့ အခက်အခဲ၊ အတားအဆီး တွေနဲ့ ကြုံနေရသည့်တိုင် ယုံကြည်ချက်အတွက်၊ တိုင်းပြည်အတွက်၊ ပြည်သူ့အတွက် ဆက်လက် လျှောက်လှမ်းနေကြရဆဲလည်း ဖြစ်ပါတယ်။ 
 
ကြီးမားတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေ၊ စိတ်ခေါ်မှုတွေကြားမှာ ယခင်ထက်ပိုပြီး စည်းလုံးဖို့ လိုသလို ဗျူဟာမြောက်တဲ့ အလုပ်တွေလည်း ပိုလို့ လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ လက်တွေ့ အခြေအနေအရရော သမိုင်းတစ်လျှောက်မှာ ရရှိခဲ့ပြီးဖြစ်တဲ့ သင်ခန်းစာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အတွင်းစည်းကို ခိုင်အောင် တစ်ယောက်ချင်းစီကနေ ကြိုးပမ်းကြဖို့ လိုသလို မဟာမိတ်အင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့အတွက်လည်း အားထုတ်သွားကြရမှာ ဖြစ်ပါတယ်။ 
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြီးခဲ့တဲ့ (၁၅၁) ကြိမ်မြောက်ညီလာခံမှာ ဆက်လက်ပြီးတော့ အသိအမှတ်ပြုကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်အာဏာရှင်အဆုံးသတ်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ထမ်းဆောင်နေလို့ ဖြစ်သလို ဒီမိုကရေစီရွေးကောက်ပွဲကနေ ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ဆန္ဒကို အသိအမှတ်ပြုထားခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ မြန်မာကို ကိုယ်စားပြုခွင့်နေတာ၊ ပြည်သူ့အသံတွေ၊ ပြည်သူတွေခံစားနေရတဲ့ဒုက္ခကို တရားဝင်ပြောကြားခွင့်ရနေတာလည်း ကြီးမားတဲ့ နိုင်ငံရေးအခွင့်အလမ်းကြီးတစ်ခုလည်း ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။
 
ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပနေတာဟာလည်း ပြည်သူက တရားဝင်အပ်နှင်းထားတဲ့ အခွင်အာဏာအရ ခေါ်ယူနေခြင်းဖြစ်သလို ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုအသီးသီးက ကြိုးပမ်းနေကြတဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအနာဂတ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး လွှတ်တော်ကဏ္ဍကနေ ကြိုးပမ်းမှု တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူကို လူမဆန်စွာ လေကြောင်းနဲ့ သတ်ဖြတ်နေဆဲဖြစ်တဲ့ အာဏာ သိမ်းစစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်မှုနဲ့ မိမိတို့ရဲ့ တရားဝင်မှု ခိုင်မာမှုကို ပြသခြင်းလည်း ဖြစ်ပါတယ်။ 
 
ဒီကနေ့ အခမ်းအနားကို တက်ရောက်ပေးကြတဲ့ ဂုဏ်သရေရှိ မိတ်ဖက်၊ နိုင်ငံတကာ သံတမန်အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ 
 
ဒါကြောင့် မိမိတို့နိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ထာဝရ တည်ငြိမ်ရေးနဲ့ မှန်ကန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် မိမိတို့ကို ပြည်သူက အပ်နှင်းထားတဲ့ အခွင့်အာဏာ ကို လေးစားတန်းဖိုးထားစွာ ကျင့်သုံးပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေး၊ လက်ရှိပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေးတို့အတွက် အမြင်ကျယ်ကျယ်၊ သဘောထား ကြီးကြီးနဲ့ ဆက်လက်ကြိုးပမ်းသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ 
 
အားလုံးကို ကျေးဇူးတင်ပါတယ်။ 
Scroll to Top