၁၅-၉-၂၀၂၃ ရက် (သောကြာနေ့)၊ ၁၀၀၀ နာရီ
ဒီကနေ့ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ကြားကာလဖက်ဒရယ်ကောင်စီများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးမှ ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ ဧည့်သည်တော်များ နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီမိုကရေစီစံတန်ဖိုးနဲ့ ဒီမိုကရေစီ အလေ့အထတွေကို အားပေးမြှင့်တင်နိုင်ဖို့၊ ထိမ်းသိမ်းကာကွယ်နိုင်ဖို့၊ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာဖို့ ဒီမိုကရေစီနေ့အခမ်းအနားတွေကို အလေး အမြတ်ထား ကျင်းပလေ့ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း ကျင့်သုံးနိုင်ဖို့ ဒီမိုကရေစီကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ ပြည်သူလူထုဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးကစလို့ အသက်ပေး၊ ဘဝပေး ကြိုးပမ်းခဲ့ကြပေမယ့် အာဏာကို လက်နက်ဖြင့် ရယူလိုတဲ့ စစ်အာဏာရှင်တစ်စုကြောင့် ယနေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။
ဒီနှစ် နိုင်ငံတကာဒီမိုကရေစီနေ့အတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆောင်ပုဒ် ဟာ “ဒီမိုကရေစီခိုင်မာအားကောင်းဖို့ မျိုးဆက်သစ်များကို မြှင့်တင်စို့” ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါ တယ်။ ဒီကနေ့ နည်းပညာနဲ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ ပိုမိုပွင့်လင်းလွတ်လပ်နေတဲ့ ကမ္ဘာကြီးမှာ လူငယ်တွေရဲ့အခန်းကဏ္ဍဟာ အင်မတန်အရေးပါလျက် ရှိနေပါတယ်။ ကျွန်တော် တို့ရဲ့ နိုင်ငံမှာ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို ပြန်ကြည့်လျှင် လူငယ် မျိုးဆက်တွေဟာ သတ္တိရှိရှိ၊ အမြော်အမြင်ရှိရှိ ရှေ့ကနေ ရဲရဲဝံ့ဝံ့ကြိုးပမ်းခဲ့ကြတာ တွေ့မြင်နိုင် ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက် Generation-Z လူငယ်မျိုးဆက်တွေဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက အင်အားတစ်ရပ်အဖြစ် အခိုင်အမာ စွမ်းဆောင်လာကြပါတယ်။ ဖန်တီးမှုအမျိုးမျိုး၊ နည်းပညာအားကောင်းကောင်း၊ အချိတ်အဆက်ကောင်းကောင်းနဲ့ စစ်အာဏာရှင်ဖြိုချနိုင်ဖို့ ယနေ့အချိန်ထိ လူငယ်တွေဟာ ဆုံံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းနေတာ ဂုဏ်ယူအားတက်ဖွယ် မြင်တွေ့နေရပါတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ အဆက်မပြတ်ကြိုးပမ်းမှုတွေ၊ ရတဲ့နည်းနဲ့ ကြံဆပါဝင်နေမှုတွေ ကြားသိ၊ မြင်တွေ့နေရတိုင်း ရှေ့ဆက်ဖို့ အားတွေ အများကြီးရရှိပါတယ်။
တိုင်းပြည်တိုင်းရဲ့အနာဂတ်ဟာ လူငယ်တွေအပေါ်မှာ များစွာမူတည်နေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် လူငယ်တွေအတွက် အေးချမ်းတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ စုပေါင်းအားနဲ့ ဆက်လက်လျှောက်လှမ်းသွားကြရမှာလည်း ဖြစ်ပါတယ်။ အလားတူပဲ အနာဂတ်တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ လူငယ်တွေရဲ့ ပါဝင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးကို ကြိုးပမ်းကြတဲ့အခါ စုံလင်ကွဲပြားတဲ့ အင်အားစု တွေအကြား တူညီတဲ့ရည်မှန်းချက်နဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတိုင်းတို့ရဲ့ အကျိုးစီးပွားကို အတူ တကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုတွေကို တွန်းအားအဖြစ် အသွင်ပြောင်းပြီး သံသယစိတ်များ၊ စိတ်ဝမ်းကွဲပြားမှု များကို အပြန်အလှန်နားလည်စာနာမှု၊ စည်းလုံးညီညွတ်မှုအားနဲ့ ကျော်လွှားကြရမှာပဲ ဖြစ်ပါ တယ်။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်နေရင်း ယနေ့အချိန်အထိ ပြည်သူပေါင်း ၄,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ့ နေအိမ် ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။ အရပ်သားပြည်သူများရဲ့ ကျေးရွာ၊ ရပ်ကွက်များကို လက်နက်ကြီးများ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတစ်ဝှမ်း နေ့စဉ် တိုးမြှင့်လုပ်ဆောင်နေတဲ့အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂ သန်းကျော်ဟာ နေရပ် စွန့်ခွာ တိမ်းရှောင်နေရတဲ့အပြင် ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီးလိုအပ်နေပါတယ်။ ဒီလိုအခြေအနေအောက်မှာ အစွမ်းအစရှိတာကို ပြသနေကြတဲ့ လက်ရှိမျိုးဆက်သစ်များရဲ့ နောက်ထပ်ဆက်လာမယ့် မျိုးဆက်များအတွက် ဒီမိုကရေစီအားကောင်းရေးအတွက် မြှင့်တင်ဖို့ဆိုလျှင် အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တားဆီးပြီး ဒီမိုကရေစီကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူ တွေကို ထိရောက်တဲ့ လက်တွေ့ကျတဲ့ပံ့ပိုးကူညီမှုတွေ အမြန်ဆုံးပေးအပ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ဒီမိုကရေစီမြတ်နိုးတန်ဖိုးထားတဲ့နိုင်ငံများကို ဒီကနေ့အခမ်းအနားကနေ ထပ်လောင်း တောင်းဆိုအပ်ပါတယ်။
ဒီကနေ့ မြန်မာပြည်သူတွေ ရင်ဆိုင်တွန်းလှန်နေရတာဟာ ရွေးကောက်ခံ ပြည်သူ့ အစိုးရကို ပုန်ကန်ပြီး အာဏာလုယူတဲ့ အကြမ်းဖက်စစ်အုပ်စုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရွေးကောက်ခံ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့အတူ ရပ်တည်တဲ့ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူများဟာ နိုင်ငံရေးအကျဉ်းသားများအဖြစ် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီလို ပြောမပြနိုင်လောက်အောင် အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေတဲ့ မြန်မာပြည်သူများကို ကာကွယ်ပေးဖို့ ကမ္ဘာ့နိုင်ငံများရဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုများဟာ အလွန်ပင် အရေးပါ လှပါတယ်။
ဒီကနေ့ မြန်မာ့လူငယ် မျိုးဆက်သစ်တွေဟာ ပိုမိုပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားချင်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းသာယာ ခြင်းနှင့် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အဖြစ် ပြည့်ပြည့်ဝဝ ရရှိစေဖို့ဟာ ဒီကနေ့နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက် ဖြစ်ပါတယ်။
တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်အောင်၊ တိုင်းပြည်ကို နောက်ပြန်ဆွဲ ချောက်ထဲ ထိုးကျအောင် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်စစ်တပ်ဟာ အရှိန်တိုးမြှင့် ဆောင်ရွက်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို အမြန်ဆုံး အဆုံးသတ်တားဆီးနိုင်ဖို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသားညီနောင်များနှင့် အလွှာစုံ၊ ဒေသစုံက တော်လှန်ရေးအင်အားစုတွေက အခက်အခဲမျိုးစုံကြားကနေ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။ ထိရောက်တဲ့နိုင်ငံတကာအကူအညီတွေဟာ မိမိတို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်း မှုတွေကို အမြန်ဆုံးအောင်ပွဲဆင်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယနေ့ အချိန်ထိ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး အကူအညီပေးနေတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်။
ခေတ်အဆက်ဆက် ဒီမိုကရေစီစနစ်တည်ဆောက်ရေးခရီးလမ်းမှာ အသက်ပေးလှူ ခဲ့ကြတဲ့ အာဇာနည်အပေါင်းတို့ရဲ့ မပြီးဆုံးသေးတဲ့ ခရီးလမ်းကို မိမိတို့အားလုံး ဆက်လက် လျှောက်လှမ်းနေကြဆဲဖြစ်ပြီး သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို မဖြုတ်ချနိုင်သရွေ့ ဒီမိုကရေစီမရနိုင်သလို အာဏာရှင်တွေဟာ သက်ဆိုး ရှည်နေဦးမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လွှတ်တော်ကဏ္ဍကနေ ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့နေရစေကာမူ ဒီမိုကရေစီ စံတန်ဖိုးတွေကို လေးစားလိုက်နာရင်း ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားပြီး ဘုံပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းနေမှာ ဖြစ်ပါ တယ်။ ဒီကနေ့မိမိတို့ရဲ့ ကြိုးပမ်းချက်တွေထဲမှာ ပြည်သူလူထုအတွက် လွတ်လပ်ခြင်းနှင့်အတူ ကိုယ့်ဆန္ဒကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသနိုင်ဖို့ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူပြည်သားတွေလက်ထဲ ပြန်လည်အပ်နှင်းနိုင်ဖို့ ဖြစ်ပါတယ်။
လေးစားရတဲ့ နိုင်ငံတကာမိတ်ဆွေလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ–
မိမိတို့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသည့်ကြားမှ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့၊ ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ရင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်ဖို့ အခြားသော ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား ညီနောင်တွေနဲ့အတူ ကြိုးပမ်းနေပါတယ်။ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ မိတ်ဆွေတို့ရဲ့ အကူအညီများစွာ လိုအပ်နေပါတယ်။ ဒီမိုကရေစီအတွက် ငြိမ်းချမ်းရေးအတွက် မိမိတို့နဲ့အတူ ဆက်လက်လက်တွဲလုပ်ဆောင်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။
လေးစားရတဲ့ တိုင်းရင်းသားပြည်သူများခင်ဗျား–
ဒီမိုကရေစီခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းပေမယ့် အခုလို စိတ်ဓာတ်ခိုင်မာမှုတွေ၊ စည်းလုံးညီညွတ်မှုတွေ၊ တီထွင်ကြံဆမှုတွေကို ခိုင်ခိုင်မာမာနဲ့ ဆက်လက်တည်ဆောက်သွား နိုင်ကြမယ်ဆိုရင် ရည်မှန်းတဲ့ပန်းတိုင်ကို မုချရောက်ရှိမှာ အသေအချာပါပဲ။ “ညီညာရင် ပြည်သာ” ဆိုသလို ရတဲ့နည်း၊ နိုင်တဲ့အားနဲ့ ဆက်လက်ပါဝင်ကြရင်း အားလုံးအတွက် နေ့သစ်ကို ဖန်တီး ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေ၊ မျှော်လင့်ချက်တွေကို တန်ဖိုး ထား လေးစားခြင်းနဲ့အတူ ခေါင်းဆောင်အသီးသီးအနေနဲ့ အေးချမ်းပြီး ဖွံ့ဖြိုးတဲ့အနာဂတ်၊ လွတ်လပ်ပြီး သာတူညီမျှရှိတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရများကို လူငယ်မျိုးဆက်သစ်တို့ထံ ကောင်းမွေအဖြစ် ဆက်လက်ရှင်သန်ရေးအတွက် မျိုးဆက်သစ်လူငယ်များမြှင့်တင်နိုင်ဖို့ လက်တွဲ ညီညီ ဆက်လက်ကြိုးပမ်းကြပါစို့လို့ ဒီကနေ့နေ့ထူးနေ့မြတ်အခါသမယမှာ လေးလေးနက်နက် တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ဒီမိုကရေစီစနစ် အဓွန့်ရှည်ပါစေ။
ကမ္ဘာတစ်ဝှမ်း အေးချမ်းပါစေ။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။
အရေးတော်ပုံ မုချအောင်ရမည်။