၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တော်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် နိုင်ငံတကာက သံတမန်များ၊ ဧည့်သည်တော်များ၊ ဂုဏ်သရေရှိလူကြီးမင်းများနဲ့ နိုင်ငံသူ/နိုင်ငံသားအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေ၊ တိုင်းပြည်နှင့်လူမျိုးအကျိုး ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အခြေတည်ကျင့်သုံးနိုင်ဖို့ အသက်ပေးဆပ်ခဲ့ကြရတဲ့ သူရဲကောင်းအပေါင်းတို့ကို အောက်မေ့သတိရစိတ်နဲ့ စီစဉ်ကျင်းပတဲ့အတွက်ရော၊ ဒီကနေ့လို အထင်ကရအခမ်းအနားမှာ ဖိတ်ကြားတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ ပထမဆုံး လေးစားစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဆယ်စုနှစ်တွေ အလီလီပြောင်းခဲ့ပေမယ့် ၈၈ လို့ ပြောလိုက်ရင် ကမ္ဘာတည်သရွေ့ ဖျောက်ဖျက်လို့ မရနိုင်တဲ့ သွေးတွေနဲ့ရင်းခဲ့ရတဲ့ မော်ကွန်း၊ အသက်တွေနဲ့ရင်းခဲ့ရတဲ့ သမိုင်းစာမျက်နှာအဖြစ် သက်သေထူနေသလို ၈၈ က သန္ဓေတည်ခဲ့တဲ့ စစ်အာဏာရှင်တွေပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးဆိုတဲ့ မြန်မာပြည်သူတို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ မြဲမြံတဲ့ ကြံ့ခိုင်မှုတွေဟာ ဒီကနေ့အထိ ရှင်သန်ကိန်းအောင်နေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးမှ ဖွံ့ဖြိုးတိုးတက်မယ်၊ အာဏာရှင်စနစ်တွေကို အဆုံးသတ်နိုင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ရရှိမယ်ဆိုတာ ၁၉၈၈ ကတည်းက လူထုဟာ ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းနဲ့ လူထုထောက်ခံမှုမရရှိနိုင်တဲ့ စစ်အာဏာရှင်တွေဟာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီလိုလားပြင်းပြမှုတွေကို လက်နက်နဲ့ အကြမ်းဖက်ဖျက်ဆီးဖို့ ဒီကနေ့ နည်းပညာခေတ်မှာအထိ ကြိုးပမ်းနေဆဲလည်း ဖြစ်ပါတယ်။ လက်နက်အင်အားဘယ်လိုသာသာ လူထုအားကို မဖြိုချနိုင်ဘူးဆိုတာ ဒီကနေ့ သက်သက်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးခဲ့ရတဲ့ လူထုအရေးတော်ပုံကြီးဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံဟာ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီ စတင်ရာ ခြေလှမ်းဖြစ်သလို မိမိတို့အတွက် အတိတ်သမိုင်းတစ်ခုသက်သက်မဟုတ်ဘဲ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်အတွက်၊ လူထုဘဝအပြောင်းအလဲအတွက် ကြီးမားတဲ့ စုစည်းညီညွတ်မှုကို ရယူတည်ဆောက်နိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားသူတွေ၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးသူတွေရဲ့ စုစည်းညီညွတ်မှုကြောင့်ပဲ တစ်ပါတီအာဏာရှင်စနစ်ကိုလည်း ဖြိုချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ပစ္စုပ္ပန်သမိုင်းဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာလည်း နောင်လာနောက်သားတို့ လေးစားတန်ဖိုးထားရတဲ့ ကောင်းမွေအဖြစ် ချန်ထားနိုင်ခဲ့ရလေအောင် မိမိတို့အားလုံးက စည်းလုံးညီညွတ်မှုကို ယခုထက် ခိုင်မာအားကောင်းစွာ စုစည်းတည်ဆောက်လျက် အတူတကွ ရှေ့ဆက်ချီတက်ကြရမှာ ဖြစ်ပါတယ်။ အကြပ်အတည်း၊ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရသည့်တိုင် ပြည်သူတွေ၊ လူငယ်တွေဟာ ရှိသမျှအား၊ နိုင်သမျှဝန်နဲ့ ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ “ပြည်တင်းလျှင် မင်း မခံနိုင်” ဆိုသလို ပြည်သူလူထုရဲ့ ထောက်ခံမှု ဘယ်တုန်းကမှ မရခဲ့တဲ့ စစ်အာဏာရှင်တွေဟာ အနှေးနဲ့အမြန် ကျဆုံးတော့မယ်ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။
နှစ်ပေါင်းဘယ်လောက်ကြာကြာ စစ်တပ်ဟာ ပြည်သူကို လေးစားတဲ့၊ ပြည်သူ့ဆန္ဒကို တန်ဖိုးထားတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ယဉ်ကျေးတဲ့ အမူအကျင့်တွေ မရှိခဲ့သလို ပြည်သူဟာလည်း စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေဆိုတာ တိုင်းပြည်ရဲ့ အဖျက်သမား၊ သူပုန်ဓားပြအဖြစ် ရှု့မြင်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူထုကို ဝါဒမှိုင်းနဲ့ စစ်ဖိနပ်အောက် ပြန်အသက်သွင်းဖို့ ကြိုးပမ်းတာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ စစ်တပ်နဲ့ စစ်တပ်ဖွဲ့ဝင်တွေရဲ့ မရေရာတဲ့ အနာဂတ်ကိုပဲ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒီကနေ့ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေအပေါ် တာဝန်ခံရဦးမှာလည်း ဖြစ်ပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးရဲ့ အဓိကပန်းတိုင်ဟာ ဒီမိုကရေစီ ပြန်လည်ရရှိရေးတင် မဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။ လူငယ်တွေ၊ ပြည်သူတွေဟာ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင် မဟုတ်ပါဘူး။ အကြောက်တရားမရှိ၊ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် စစ်အာဏာရှင်တွေကို နိဂုံးချုပ်အဆုံးသတ်ပြီး တိုင်းရင်းသား၊ လူမျိုး၊ အစုအဖွဲ့ ပေါင်းစုံရဲ့ ညီညွတ်ခြင်းနဲ့အတူ ပြည်သူတွေရဲ့ အိပ်မက်၊ လူငယ်တွေရဲ့ မျှော်လင့်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်တာနဲ့အညီ ဒီမိုကရေစီစံတန်ဖိုးတွေကို လေးစားလိုက်နာပြီး ပြည်သူ့ဆန္ဒတွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ပြည်သူ့သဘောထားနဲ့အညီ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်ဆိုတာကို ဒီကနေ့ အခမ်းအနားမှာ ထပ်လောင်း ကတိပြုပြောကြားလိုပါတယ်။ ဘယ်လိုအခြေအနေဖြစ်ပါစေ လူထုရဲ့ဆန္ဒကို လေးစားပြီး ဒီမိုကရေစီစံနှုန်းတွေကို ကာကွယ်ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေမှာ ဖြစ်ပါတယ်။
၁၉၈၈ ကနေ စတင်ခဲ့တဲ့ ဒီမိုကရေစီခရီးကြမ်းဟာ ဒီကနေ့ထိ အပြီးမသတ်သေးပါဘူး။ အတိတ်က အတွေ့အကြုံတွေ၊ ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး လက်ရှိတော်လှန်ရေးကြီးမှာ အသုံးချ၊ ပြုပြင် လျှောက်လှမ်းကြမယ်ဆိုရင် မိမိတို့ရဲ့ ရည်မှန်းချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်နိုင်မှာ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီကနေ့ တော်လှန်ရေးအောင်ပွဲဆင်နိုင်မှ ဒီမိုကရေစီအရေး အသက်ပေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ရဲ့ တော်လှန်ဝိဉာဉ်များ အေးချမ်းစွာ အနားယူနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ညီညွတ်ခြင်းအင်အားဖြင့် စစ်အာဏာရှင်တွေကို အပြီးတိုင် ဖြိုချပြီး အသက်ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေအတွက်၊ အနာဂတ်မျိုးဆက်တို့အတွက် ငြိမ်းချမ်းတဲ့ အနာဂတ်တိုင်းပြည်တည်ဆောက်သွားနိုင်ဖို့ တွဲလက်ညီညီ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ လေးလေးနက်နက်တိုက်တွန်းရင်း တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့် နောက်ထပ်ကြုံတွေ့ရမယ့် စိန်ခေါ်မှုအခက်အခဲများကို ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီး အောင်မြင်မှုပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆန္ဒပြုရင်း နိဂုံံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။

