Home / (၇၉) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

(၇၉) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်း၍ “ပင်လုံမှသည် ဖက်ဒရယ်ဒီမိုကရေစီ” ဆောင်ပုဒ်ဖြင့် နံနက် ၉ နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကောင်စီဝင် ဒေါက်တာ ကင်တန်လင်းတို့က အမှတ်တရစကား ပြောကြားခဲ့သည်။

ထို့နောက်တွင် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ဒုတိယဥက္ကဋ္ဌ (၁) ဆလိုင်း လျန်လွယ်၊ ချင်းပြည်ကောင်စီ (Chin Land Council)မှ ဒုတိယဥက္ကဋ္ဌ – ၁ ဆလိုင်းမင်းညို၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်း၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ အတွင်းရေးမှူး(၂) ခွန်ဝေထူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်၊ ကယန်းအမျိုးသားတပ်မတော် (KNA) မှ နိုင်ငံရေးဦးဆောင်ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ခွန်းရဲခေါင်၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် Salai Willian Chin နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဒုဥက္ကဋ္ဌ ခွန်းဘီထူးတို့က အမှတ်တရ စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးတို့ကလည်း အမှတ်တရ စကား ပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာဟိန္ဒူအစည်းအရုံး၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကယန်းအမျိုးသားတပ်မတော် (K.N.A)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ဒီမိုကရက်တစ်လူငယ်ကောင်စီတို့က အခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာများကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်တရအမှာစကားများ ပြောကြားပေးခြင်းများနှင့် သဝဏ်လွှာများပေးပို့ပေးခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါသော တော်လှန်ရေးအင်အားစုအသီးသီးမှ တာဝန်ရှိလူပုဂ္ဂိုလ်အသီးသီးတို့အား ကျေးဇူးတင်ရှိကြောင်းကို အခမ်းအနားကျင်းပရေးကော်မတီ ကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကြားကာလဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များ၊ အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ CDMer များ၊ နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top