Home / အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်းအစီအစဉ်အပါအဝင် ရေးရာကော်မတီများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဖက်ဒရယ်ရေးရာဝန်ကြီးဌာန၊ NUCC တို့နှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) အား အဖွဲ့အစည်းများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ International Humanitarian Law လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိခြင်း၊ တိုက်ပွဲဝင်နေသည့် သူရဲကောင်းများအတွက် ဝန်ကြီးဌာနအနေဖြင့် Fundraising  များ ရှာဖွေပေးခြင်းအပါအဝင် The Strategic Document of the Ministry of International Cooperation (MOIC) တို့အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ အကြံပြုခဲ့ကြသည်။

ဆက်လက်၍ ပညာရေးကော်မတီ၊ NUCC ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးကို ၂၂၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top