Home / ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်နှင့်စပ်လျဥ်းသည့် ရှင်းလင်းဆွေးနွေးပွဲတစ်ခုအား ကျင်းပပြုလုပ်

ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်နှင့်စပ်လျဥ်းသည့် ရှင်းလင်းဆွေးနွေးပွဲတစ်ခုအား ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာပညာရေးစနစ် (Myanmar Education System – MES) နှင့် သက်ဆိုင်ရာ တက္ကသိုလ် Platform များမှတစ်ဆင့် ကြားကာလတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားရာတွင် လိုအပ်သော လုပ်ဆောင်ရမည့် အချက်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ရေးရာကော်မတီများသို့ ရှင်းလင်းတင်ပြသည့် အစီအစဥ်တစ်ခုအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ၊ လျှောက်ထားနိုင်သည့် လိပ်စာများ၊ ဖွင့်လှစ်ထားသည့် တက္ကသိုလ်များနှင့် အထူးပြုဘာသာရပ် ရွေးချယ်မှုများ၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အား လေ့လာသိရှိနိုင်မည့်နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသူများက မသန်စွမ်းများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ အင်တာနက်မရရှိသည့် ဒေသများအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ် တက်လက်စ ကျောင်းသားကျောင်းသူများ၏ တက္ကသိုလ်များသို့ ပြန်လည်ချိတ်ဆက်နိုင်မှုအခြေအနေ၊ တိုင်းရင်းသားဒေသပညာရေး အစီအစဥ်ဖြင့် အခြေခံပညာပြီးမြောက်ထားသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ခွင့် အနေအထားများအား သိရှိလိုကြောင်းမေးမြန်းရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားကာ ဆွေးနွေးပွဲအား ၂၀၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲသည် CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြားကာလ တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များအား သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ရေးရာကော်မတီအသီးသီးမှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ကြားကာလ တက္ကသိုလ်များဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအလုပ်အဖွဲ့နှင့် အဆင့်မြင့်ပညာကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top