Home / ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၁၄/၂၀၂၄) ၌  ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီအနေဖြင့် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည် ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများက ကော်မတီဖွဲ့စည်းပုံနှင့် လုပ်ငန်းစဥ်တို့အား ရှင်းလင်းတင်ပြရာတွင် ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည်သည့် ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဥ်းသည့်မူဝါဒအား ကြေညာချက် အမှတ်(၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားရှိခဲ့ပြီး Taskforce (၅) ခု ဖွဲ့စည်းထားရှိကာ အသိပညာပေးခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ပို့ဆောင်ရေး အထောက်အကူပြုခြင်း၊ လူသားချင်းစာနာမှု အထောက်အကူပြုခြင်း၊ ယခင်အတွေ့အကြုံဆောင်ရွက်ချက်များအား မေးမြန်းခြင်း စသည့်လုပ်ငန်းစဥ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အသေးစိတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ‌ကြောင်းနှင့်  ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ လက်နက်ချ အလင်းဝင်ခြင်းနှင့် စပ်လျဥ်းသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်ထားရှိခြင်း၊ ပြည်နယ်နှင့်တိုင်းအလိုက် CDM ဝင်ရောက်မှုအခြေအနေများ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်ခဲ့ကြသည့် တပ်မတော်သားများနှင့် ရဲတပ်သားများ၏ အခြေအနေများ၊ တပ်/ရဲ CDM များနှင့် ၎င်းတို့၏ မိသားစုဝင် ၃ ဦးအထိ တစ်ဦးလျှင် လစဥ် မြန်မာငွေ (၇၀,၀၀၀) ကျပ် ထောက်ပံ့မှုအခြေအနေများနှင့် အခက်အခဲများ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက CDM code ရရှိနိုင်မှု အခြေအနေများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများနှင့် အခြားသိရှိလိုသည်များအား မေးမြန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

ဆက်လက်၍ NUCC ရေးရာကော်မတီအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် အဖွဲ့ဝင်များက အထွေထွေကိစ္စရပ်များ တင်ပြ ဆွေးနွေးကြကာ  အစည်းအဝေးအား ၂၂၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည် ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top