Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၇/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ်အား ထည့်သွင်းကျင်းပခဲ့သည်။

အစည်းအဝေး၌  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် မူဝါဒအား ရှင်းလင်းတင်ပြရာ မူဝါဒတွင် အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထောက်ခံပံ့ပိုးမှုများ ရရှိရေး၊ အလုပ်သမားထု၏ အခွင့်အရေးကို ကာကွယ်ပေးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံသော လုပ်ငန်းရှင်များ၏ အကူအညီရယူရေးနှင့် စစ်ကောင်စီကို ထောက်ခံသော လုပ်ငန်းရှင်များအား အရေးယူနိုင်ရေး၊ အလုပ်သမားဥပဒေများအား ဒီမိုကရေစီ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီညွတ်ရေး၊ စစ်ကောင်စီအား အမြစ်ပြတ်ဖြုတ်ချရေးလုပ်ငန်းများနှင့် လုပ်ငန်းတာဝန်များ ပါရှိကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့် (က) ILO အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (ခ) အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ (ဂ) အသက်မွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများပို့ချခြင်း၊ (ဃ) အလုပ်သမားရေးရာ ဥပဒေမူဘောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း၊ (င) ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ (စ) အခြားလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေး အကြံပြုခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ဖက်ဒရယ်ရေးရာကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ရေးရာကော်မတီအဖွဲ့ဝင်များက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top