၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဝန်ကြီးဌာန၏ လုပ်ငန်းများနောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံတော်ဝင်ငွေ ရရှိနိုင်ရေးလုပ်ငန်းစဥ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များ၊ စစ်ကောင်စီ၏ လက်ရှိဘဏ္ဍာရေးအခြေအနေများအပေါ် သုံးသပ်ချက်များနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့် ချိတ်ဆက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စများနှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခြေအနေများအား တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂၀၀ နာရီတွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





