၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က နွေဦးဘဏ် (Spring Development Bank) တည်ထောင်ခြင်း ရည်ရွယ်ချက်များနှင့် ကနဦးကာလတွင် ရရှိနိုင်သောလုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အဓိက ရှင်းလင်းတင်ပြပြီးနောက် အောင်လံလွှင့်ချီ နွေဦးထီ လုပ်ငန်းနှင့် စပ်လျဥ်း၍ ရှေ့ဆက်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များ၊ ဝန်ကြီးဌာန၏ အခြားဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဥ်များအနေဖြင့် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဟူသည့် လူထုလှုပ်ရှားမှုကဏ္ဍများနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြောကြားဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်သူများက လွှတ်တော်၏ အခန်းကဏ္ဍအနေဖြင့် ပြည်သူအသိပညာပေးရေးလုပ်ငန်းများအား ချိတ်ဆက်လုပ်ဆောင်၍ ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများနှင့် အခြားသိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးအား ၂၁၀၀ နာရီတွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများက ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

