Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၆/၂၀၂၄)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဥ်း၍ မျှော်မှန်းချက်(Vision)နှင့် ရည်ရွယ်ချက်များ(Missions)များနှင့်အညီ ဆောင်ရွက်နေသည့် အခြေအနေများ၊ မူဝါဒဆိုင်ရာ ဦးဆောင်အဖွဲ့များအနေဖြင့်  ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ စီမံခန့်ခွဲမှုကော်မတီနှင့် နည်းပညာအကြံပေးအဖွဲ့ (Technical Advisory Team – TAT)၊ ဖက်ဒရယ်သယံဇာတ မူဝါဒရေးဆွဲရေး လွတ်လပ်သောကော်မတီ (Independent Committee For Federalism Policy) တို့ ဖွဲ့စည်းထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင်  ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန (၄) ခုနှင့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်နှင့်ပုလဲလုပ်ငန်းတို့ကို ဆောင်ရွက်နေမှုများ၊ ကြားကာလ သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများတွင် (က) ကြားကာလနှင့် ရေရှည်ကာလ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း၊ (ခ) သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ (ဂ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာမြှင့်တင်ခြင်း၊  (ဃ) CDM ဝန်ထမ်းများအား ငွေကြေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အထောက်အပံ့ပေးခြင်း၊ (င) ကြားကာလ သယံဇာတထိန်းသိမ်းစီမံအုပ်ချုပ်မှုနှင့်စပ်လျဥ်းသည့် ကြေညာချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် အရေးပေါ်ညွှန်ကြားချက်များထုတ်ပြန်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ (Township Administrative Body – Natural Resource, TAB – NR) များကို (၂၈) မြို့နယ်အတွက် ဖွဲ့စည်းထားရှိပြီးဖြစ်ကာ သယံဇာတစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းကာ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး ခွန်စောဖူး က  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

၎င်းနောက် CRPH ရေးရာကော်မတီများ၏ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ဆက်လက်ကျင်းပ၍ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်စောဖူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top