Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်း တင်ပြခြင်း အစီအစဉ် အပါအဝင် ရေးရာကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအား နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ၁၉၈၂ နိုင်ငံသားဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး၊ အသစ်ပြန်လည်အစားထိုးရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စများ၊ ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများရှိ ရိုဟင်ဂျာလူမျိုးများအား အကြမ်းဖက်စစ်ကောင်စီမှ စစ်မှုထမ်းစေခြင်းများအပါအဝင် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ အကြံပြုခဲ့ကြသည်။

ဆက်လက်၍ NUCC ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးကို ၂၁၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top