Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံ က ဝန်ကြီးဌာန၏ (၃) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဥ်း၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွင် ခွဲစိတ်ခြင်း၊ လွှဲပြောင်းကုသခြင်းတို့အပြင် ဆေးရုံ (၇၇) ရုံ၊ ဆေးခန်း (၃၇၇) ခန်းနှင့် ရွေ့လျား ဆေးခန်း (၂၅၀) ခန်းတို့ဖြင့် စီစဥ်ကုသဆောင်ရွက်နေမှုများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဥ်များတွင် မိခင်နှင့် ကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ အမျိုးသား ကာကွယ်ဆေးထိုးခြင်းအစီအစဥ်များ၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းတင်ပြခဲ့သည်။ CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လုပ်ငန်းများ အဓိက လည်ပတ်ကာ ပြည်နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံ (၂၉) ဦးနှင့် မြို့နယ်ကျန်းမာရေး တာဝန်ခံ (၂၂၇) ဦးတို့အပါအဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း (၄,၈၉၉) ဦး ပါဝင်ကြောင်းနှင့်  မြေပြင်ကျန်းမာရေးဝန်ထမ်းများအား (၅၀,၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိသည်ကို ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်တုံံ့ပြန်ရေး အရေးပေါ်ဆောင်ရွက်ချက်များ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ၊ ပြန်လည် သန်စွမ်းရေးဆိုင်ရာလုပ်ငန်းစဥ်များ၊ သုတေသနလုပ်ငန်းစဥ်များ၊ ဆေးပညာ သင်ကြားရေးလုပ်ငန်းစဥ်များ၊ တယ်လီကျန်းမာကဏ္ဍနှင့် စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ အပါအဝင် နိုင်ငံတကာနှင့် ဖက်ဒရယ်ကျန်းမာရေး အင်အားစုများနှင့် ချိတ်ဆက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဥ်များကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဘဏ္ဍာရေးရာကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးအား (၂၂၀၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top