Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၂/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားရာတွင် စစ်ကောင်စီဘက်တွင် အခြေအနေများ အဘက်ဘက်က ယိုင်နဲ့နေကြောင်း၊ နိုင်ငံရေးအရ ယနေ့တော်လှန်ရေးကို တွန်းအားဖြစ်စေရေးအတွက် ပိုမိုကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို သိရှိလိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာလျန်မှုန်းဆာခေါင်းက ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြင်ဆင်မှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၏ အခြေအနေများနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များအား တင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက လက်ရှိ နိုင်ငံရေးအခြေအနေများနှင့်စပ်လျဥ်း၍ သိရှိလိုသည်များအား ဆွေးနွေး မေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် မြေပြင်အခြေအနေများအား တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂၃၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top