Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၃၈/၂၀၂၄)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် သံတမန်ဆက်ဆံရေးအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ မိတ်ဖက်မဟာမိတ်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများအား မေးမြန်းဆွေးနွေးကာ လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများနှင့် စပ်လျဥ်း၍ သုံးသပ်အကြံပြုခဲ့ကြသည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ ဖက်ဒရယ်သင်တန်းကိစ္စရပ်များနှင့် NUCC ရေးရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂၄၉ နာရီအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top