Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၂/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၂/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၂/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ် ထည့်သွင်းကျင်းပခဲ့သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့တွင် တက်ရောက်လာသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ အခါအားလျော်စွာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများသို့ ဖိတ်ကြား၍ လုပ်ငန်းဆောင်ရွက်ချက်များအား မေးမြန်းဆွေးနွေးခြင်းရှိပါကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် CDM များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အလားအလာများအား သိရှိခွင့်ရမည်ဖြစ်၍ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက်စကားပြောကြား၍ CDM Success Committee မှ အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာက  ကော်မတီ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာတွင် ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ ဝင်ငွေတိုးလုပ်ငန်းပံ့ပိုးရေး Taskforce (Income Generation Support Taskforce)၊ ကျန်းမာရေးကူညီစောင့်ရှောက်ရေး Taskforce (Health Care Support Taskforce)၊ စိတ်လူမှုကျန်းမာရေးအထောက်အကူပေးရေး  Taskforce (Psychosocial Support Taskforce)၊ ဘဏ္ဍာရေးထောက်ပံ့ရေး Taskforce (Financial Support Taskforce)၊ အချက်အလက်စီမံခန့်ခွဲရေး Taskforce (Data Management Support Taskforce) နှင့် လုံခြုံရေး Taskforce (Security Taskforce) တို့ ဖွဲ့စည်းထားရှိ၍ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်းပေါင်းနှစ်သောင်းနှစ်ထောင်ကျော်အား ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်း CDM ဦးရေ (၄၀,၂၈၄) ဦးအား ထောက်ပံ့မှုပေးနိုင်ခဲ့ပြီး CDM Success Committeeနှင့် ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀,၆၃၉)အနက်မှ (၂၀%) ခန့်ကိုသာ အရေးပေါ်လိုအပ်ချက်အတွက်  မြန်မာ ကျပ်ငွေ သန်း(၄၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် Taskforce အလိုက် တာဝန်ခံများက  လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်းတင်ပြ၍ နိုင်ငံတဝှမ်းတွင် ကောက်ယူရရှိသည့် အချက်အလက်များအရ ပြည်သူ့ဝန်ထမ်း CDM များအနေဖြင့် ဆက်သွယ်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် အခြားစိန်ခေါ်မှုအမျိုးမျိုးအား ရင်ဆိုင်ကြုံတွေ့နေရကာ ကူညီထောက်ပံ့ပေးနိုင်ရန် လိုအပ်ချက်များစွာရှိနေပါကြောင်း ဆွေးနွေးအကြံပြုတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချပြီးနောက် ဝင်ငွေရရှိမှုတိုးတက်လာခြင်းအား စိစစ်ထားရှိမှုအခြေအနေ၊ နွေဦးထီ၏ လုပ်ငန်းစဥ်များ၊ အလင်းဝင် Non-CDM နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာတာဝန်ခံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု စသည်တို့အား မေးမြန်းဆွေးနွေးအကြံပြုကာ ကော်မတီမှ ဝာာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။

ရေးရာကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးပြောကြားချက်များအပြီးတွင် နိဂုံးချုပ်အနေဖြင့် CRPH ဥက္ကဋ္ဌ က လက်ရှိအခြေအနေသည် ထူးခြားချက်များ များပြားပြီး သတင်းအချက်အလက်များရရှိမှုနှင့် သတင်းခိုင်လုံမှုရှိရန်လည်း အရေးကြီးပါကြောင်း၊ အောင်ပွဲနီးလာသည့်အခါ စိန်ခေါ်မှုများလည်း ပိုမိုများပြားလာ၍ အားလုံးအနေဖြင့် အသိ၊ သတိရှိစွာ ဆောင်ရွက်သွားကြရန် ပြောကြား၍ အစည်းအဝေးအား ၂၃:၁၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ CDM Success Committee မှ အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာနှင့် Taskforce အသီးသီးမှ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top