Home / လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းနှင့်  မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ တင်ပြချက်များအပေါ်  ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမျှဝေခြင်း

လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းနှင့်  မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ တင်ပြချက်များအပေါ်  ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမျှဝေခြင်း

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊  ၁၀၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစီအစဉ် ပထမနေ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း သက်ဆိုင်ရာနယ်မြေအလိုက် မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ တင်ပြချက်များအား ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးတွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲ၌ ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံတင်ပြ ဆွေးနွေးခွင့်ရခြင်းသည် အင်မတန်အရေးကြီးသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် သမိုင်းဝင်ခြေလှမ်းတစ်ခုကို ရရှိဖို့ မျှော်လင့်ယုံကြည်ထားပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကာ အတွင်းရေးမှူး ဦးထွန်းမြင့်က တွေ့ဆုံရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဆန်းအထိ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အကြံပြုချက်များတင်ပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံမှုအား (၃)နာရီအကြာတွင် ရပ်နားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊  ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top