Home / CRPH နှင့် ဩစတီးယားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

CRPH နှင့် ဩစတီးယားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

CRPH နှင့် ဩစတီးယားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး

၂၄ ဇွန် ၂၀၂၁

ဥက္ကဋ္ဌ ဦးအောင်ကြည့်ညွန့်ဦးဆောင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များသည် ဩစတီးယားနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး ဩစတီးယား လွှတ်တော်နှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တို့အကြား ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းဖြစ်ပွားခဲ့သော စစ်တပ်၏အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ရှုံချပြီး ပြည်ထောင်စုလွှတ်တော်နှင့် ဒီမိုကရေစီအစိုးရအားထောက်ခံမှုကို ဖော်ပြခဲ့သည့် ဩစတီးယားလွှတ်တော်၏ ရပ်တည်ချက်ကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါသည်။ ဆက်လက်ပြီး ဦးအောင်ကြည်ညွန့်က တူညီသော စိတ်ဓါတ်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နှင့် ဩစတီးယားလွှတ်တော်တို့ အကြား လေးနက်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်၏ တရားဝင်အဖြစ် ဩစတီးယားအစိုးရက အသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေးထူထောင်နိုင်ရေးကို ဩစတီးယားလွှတ်တော်အနေဖြင့် တိုက်တွန်းပေးပါရန် မိမိတို့အနေဖြင့် တောင်းဆိုကြောင်း၊ လာမည့် စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို ဆက်လက်ထောက်ခံပေးရန်တောင်းဆိုကြောင်းတို့ကို ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၊ အာဆီယံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှု အခန်းကဏ္ဍ နှင့် ဘာသာရေးလူနည်းစုများ၏ အခွင့်အရေးများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး ဩစတီးယား လွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တောင်းဆိုချက်များကို အလေးထားစဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် ပိုမိုထိရောက်သော ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်းတို့ကို ပြောဆိုခဲ့ကြပါသည်။

class=wp-image-1619/
class=wp-image-1620/
Scroll to Top