ရက်စွဲ- ဇူလိုင်လ (၂၆) ရက်၊ ၂၀၂၂ ခုနှစ်
အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီ(ခ)ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်စီရင်မှုသည် ပြဌာန်းသတ်မှတ်ထားသော ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု လုံးဝမရှိသော အကြမ်းဖက်လူသတ်မှု သက်သက်သာ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော်၌ မမြသွဲ့သွဲ့ခိုင်အား ကျည်အစစ်ဖြင့် ဦးခေါင်းသို့ ပစ်ခတ်ချိန်မှ စ၍ နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုများကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေသော ဖက်ဆစ်စစ်အုပ်စု၏ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ်သည်။ ထို့ပြင် ခေတ်အဆက်ဆက် ပြည်သူလူထုအား အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများအား ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား ထပ်မံ အတည်ပြုခြင်းလည်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည်စေမည့် အဖြေ ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများ တော်လှန်ရေးအင်အားစုများနှင့် ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွား အားလုံးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် ဖြစ်နိုင် ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အမြစ်ပြတ်သည်အထိ ပြတ်ပြတ်သားသား တော်လှန်ကြရန်ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲ နေသော ပြည်သူလူထုနှင့် အင်အားစု အားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်သည်။
ပြည်သူ့တော်လှန်ရေ၏ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင် တိုက်ဖျက်ပြီး နောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ဖြစ်သည်ဟူသောအချက်မှာ တော်လှန်ရေး အင်အားစုများ ၏ ဘုံတူညီသောရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီး ဖြစ်သည်။
ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေသည့် ဖက်ဆစ် စစ်အာဏာရှင်စနစ် မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံ ဖြစ်သည်။
ကျွန်ုပ်တို့သည် ပြည်သူလူထုတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဌာန်ဖြင့် အဓိဌာန်ပြုကြောင်း ကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
ကရင်အမျိုးသားအစည်းအရုံး (KNU)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
ချင်းအမျိုးသားတပ်ဦး (CNF)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)


