Home / ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ဆိုင်ရာ သင်တန်းသား (၉၃၂) ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ) ဆိုင်ရာ သင်တန်းသား (၉၆) ဦး မွေးထုတ်ပေးနိုင်ခဲ့

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ဆိုင်ရာ သင်တန်းသား (၉၃၂) ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ) ဆိုင်ရာ သင်တန်းသား (၉၆) ဦး မွေးထုတ်ပေးနိုင်ခဲ့

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၆/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး မိုင်းလမင်းထွန်းက က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ကြီးဌာန၏ ဆောင်ရွက်လျက်ရှိသော သင်တန်းများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ဆိုင်ရာ သင်တန်းများအနေဖြင့် အမှုစစ်အခြေခံသင်တန်း၊ စစ်သည်တော်ကျင့်ဝတ်သင်တန်းများအား အကြိမ်ရေ (၃၂) ကြိမ်ဖြင့် သင်တန်းသား (၉၃၂) ဦးအတွက် အွန်လိုင်းပို့ချမှုနှင့် မြေပြင်တွင် လက်တွေ့ သင်ကြားပို့ချပေးနိုင်မှု အခြေအနေများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ဆိုင်ရာ သင်တန်းများအား သင်တန်းသား (၉၆) ဦးအတွက် စီစဉ်ပို့ချပေးမှုများ၊ တိုင်ကြားစာများ လက်ခံရရှိမှုနှင့် ကိုင်တွယ်ဆောင်ရွက်မှု အခြေအနေများ၊ အုပ်ချုပ်ရေးအကယ်ဒမီကျောင်း ဖွင့်လှစ်နိုင်ရေးအပါအဝင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာဒေသအလိုက် ကြုံတွေ့နေရသည့် မြေပြင်အခြေအနေများနှင့်စပ်လျဥ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သင့်သည်များအား အကြံပြုဆွေးနွေးကာ သိရှိလိုသည်များလည်း မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးဆိုင်ရာကိစ္စများ၊ ဥပဒေကြမ်းကိစ္စများ၊ နိုင်ငံတကာဆက်ဆံရေးကိစ္စများနှင့် အထွေထွေကိစ္စများ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၃၁၅ နာရီတွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top