Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က အဖွင့်အမှာစကားပြောကြားကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နိုင်ငံတကာ ခရီးစဉ်များအတွင်း ဆွေးနွေးဆောင်ရွက်ထားရှိမှုများ တင်ပြခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၆ ခုနှစ် လုပ်ငန်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဦးစားပေးလုပ်ငန်းစဉ်များ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်စေရန် အကြံပြုချက်များ ရယူခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက တာဝန်ဖြင့်သွားရောက်ခဲ့သည့် နိုင်ငံများရှိ နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများ၊ လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top