၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅၀/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး က ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်ပြီးစီးမှုများနှင့်ပတ်သက်၍ အသေးစား ချေးငွေများ လုပ်ငန်းများသို့ ထုတ်ချေးခြင်း၊ တိုင်းရင်းသားကောင်စီများနှင့် ပူးပေါင်းချိတ်ဆက်ခြင်းနှင့် မူအရ ပံ့ပိုးဆောင်ရွက်ခြင်း၊ CDMများ၊ ကျောင်းသားများနှင့် တော်လှန်ပြည်သူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာပညာရပ်များ သင်ကြားပို့ချပေးခြင်းတို့အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် World Trade Organization(WTO), United Nations Conference on Trade and Development (UNCTAD), United Nations Industrial Development Organization (UNIDO), Food and Agriculture Organization (FAO), United Nations Scientific Committee on the Effects of Atomic Radiation (UNESCAR), International Trade Center (ITC), The Organization for Economic Co-operation and Development (OECD) စသော အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များ၏ ညီလာခံများသို့ တက်ရောက်ခြင်း၊ စီးပွားရေးမူဝါဒ မူကြမ်းများ ရေးဆွဲခြင်း၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကွင်းဆင်းလေ့လာ၍ ကြည့်ရှုဆောင်ရွက် ညှိနှိုင်းခြင်း၊ Economic Welfare Strategy ဖြင့် စစ်အုပ်စုအား ပြိုလဲစေရန် လုပ်ဆောင်ခြင်းနှင့် ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာရေးရာ၊ NUCC ရေးရာကိစ္စများနှင့် အထွေထွေကိစ္စများ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား (၂၂:၂၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ






