Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ပထမရက်) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ပထမရက်) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့

ယနေ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ပူးတွဲဥက္ကဋ္ဌကြီးနှင့် ကျွန်တော်တို့မိတ်ဆွေဖြစ်သူ Janelle Saffin နဲ့ ယနေ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အပေါင်းတို့ကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်း ဆက်သပါတယ်။ ထို့အပြင် ယနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ဖြစ်မြောက်အောင် ကျင်းပနိုင်တာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ အင်မတန်လည်း ဂုဏ်ယူလေးစားမိတယ်လို့ ပြောချင်ပါတယ်။

ဒီနေ့ပြုလုပ်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျွန်တော်တို့ သိပ်မကြာခင်က ပြုလုပ်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး၊ ကနဦးအနေနဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ပထမခြေလှမ်းအနေနဲ့ ခြေလှမ်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြုပြင်ပြောင်းလဲရေးရဲ့ ပထမခြေလှမ်းသာဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲရမယ့် အဆင့်တချို့ ကျန်ရှိနေသေးတယ်ဆိုတာ ပြောကြားလိုပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားညီညွှတ်ရေးကို တည်ဆောက်ဖို့နဲ့ အစိုးရရဲ့ စွမ်းဆောင်ရည်ကို ကျစ်လျစ်ထိရောက်စေရေးအတွက် ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ပူးပေါင်းမှုအတွက် ရည်ရွယ်ချက်ရှိပါတယ်။ ဒီလိုရည်ရွယ်ချက်တွေအပြင် လက်ရှိ ကြုံတွေ့ဖြတ်သန်းခဲ့ပြီးတဲ့ တော်လှန်ရေးကာလမှာ ပြည်သူ့သဘောထားနဲ့အညီ ပြုပြင်ပြောင်းလဲသင့်တဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေး လုပ်ရတာဖြစ်တာကြောင့် အကန့်အသတ်တွေ ရှိပါတယ်။ အဲသည့်လို အကန့်အသတ်တွေ ကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ကိုလည်း သွေဖယ်မသွားအောင် အထူးဂရုစိုက်ပြီး လုပ်ခဲ့ကြရပါတယ်။ လက်ရှိပြုပြင်ပြောင်းလဲရေးဟာ အစုအဖွဲ့အားလုံးရဲ့ စိတ်ကြိုက်တော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးမှာလည်း အားလုံးဆန္ဒနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာမျိုး ရှိခဲပါတယ်။ အများစုရဲ့ ဆန္ဒနဲ့ စစ်မှန်သောပြည်သူလူထုရဲ့ဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်ဖို့သာ အရေးကြီးဆုံးဖြစ်တယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထုရဲ့ ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နောက်ထပ် ဒုတိယအနေနဲ့ ပြောကြားချင်တာကတော့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ရှိတော်လှန်ရေးအင်အားစုတွေအကြားမှာ လက်တွဲပူးပေါင်းမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အထူးသဖြင့် လူထုကိုယ်စားပြုမှုကို တရားဝင်မှုရှိရှိ ရယူထားတဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေနဲ့လည်း တော်လှန်ရေးအင်အားစုအချင်းချင်း လက်တွဲချိတ်ဆက်မှုကို တဖန်အားစိုက်ပေးဖို့ ယနေ့ကျင်းပပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ထပ်မံပြီး တိုက်တွန်းလိုပါတယ်။ အခုအချိန်အထိ မလျော့သော ဇွဲလုံ့လနဲ့ ဒုက္ခအမျိုးမျိုးကို ကျော်လွှားပြီး ရင်ဆိုင်နေကြတာကိုလည်း အင်မတန် ဂုဏ်ယူလေးစားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လည်း Federal Supreme Council ထွက်ပေါ်လာနိုင်ရေးအတွက် အထူးအားစိုက်နေပါတယ်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းကာလမှာ အကဲဆတ်တဲ့ နိုင်ငံရေးတိမ်းညွှတ်မှုတွေ ပေါ်ထွက်လာနိုင်ချေရှိတာကို ကြိုတင်ပြင်ဆင်ပြီး တန်ပြန်လုပ်ဆောင်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို လေးလေးနက်နက် တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံတကာနိုင်ငံရေးအခြေအနေဟာ ကျွန်တော်တို့ထင်ထားသလို မရိုးရှင်းဘူးလို့ ယူဆပါတယ်။ နိုင်ငံရေးလောကမှာ ဘယ်ဟာမှ မရိုးသားဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါ့အပြင် သမားရိုးကျ နိုင်ငံရေးပလက်ဖောင်းပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေထက် ပိုမိုရှုပ်ထွေးတာကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ပြည်တွင်းတော်လှန်ရေး အခင်းအကျင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရုံမျှနဲ့ လုံလောက်မှုရှိမှာ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေအနေနဲ့ စိန်ခေါ်ချက်တချို့ကို သယ်လာနိုင်တာကို ထည့်တွက်ထားဖို့ လိုပါတယ်။ ဒါကို သတိရှိရှိနဲ့ အမြော်အမြင်ကြီးကြီး ရှုမြင်ပြီးတော့ ကျွန်တော်တို့အားလုံး နိုင်ငံရေး လက်ဦးမှု ရယူပြီး လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်စဉ်းစားထားဖို့လည်း တိုက်တွန်းလိုပါတယ်။

တတိယအချက်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက်ရှိ နွေဦး တော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်းပြောဆို နှိုးဆော်တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းပြောကြားလိုပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ဒီနေ့ပြုလုပ်ကျင်းပတဲ့ အဋ္ဌမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးတင်ပြအဆိုပြုမည့် အကြောင်းအရာတွေကို ကောင်းမွန်စွာ အဆိုပြုဖို့၊ ကျယ်ပြန့်နက်ရှိုင်းစွာ ဆွေးနွေးအတည်ပြုနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ လွှတ်တော်ဆိုတဲ့ အနှစ်သာရဟာ တော်လှန်ရေးကာလမှာလည်း ဘယ်လောက်အရေးကြီးတယ်ဆိုတာ သက်ဆိုင်ရာဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လူထုကိုယ်စားပြုမှုနဲ့ လူထုလိုအပ်ချက်၊ တော်လှန်ရေးလိုအပ်ချက်တွေ အပါအဝင် ပြည်ရေးပြည်ရာအတွက် လိုအပ်တဲ့အရာတွေအားလုံးကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများက ကြိမ်ဖန်များစွာ ဆွေးနွေးတိုင်ပင်ခြင်းအလေ့နဲ့ ကျေးဇူးပြုကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား….

အရေးတော်ပုံမုချအောင်မြင်ရမည်…..

Scroll to Top