Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော်၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ရွှေပုံ၏ ဖြေကြားချက်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော်၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ရွှေပုံ၏ ဖြေကြားချက်

(၁၉-၁၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ဒုတိယနေ့) တွင် မေးမြန်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော်၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ရွှေပုံ၏ ဖြေကြားချက်
 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
 
ဦးနေကျော်(မဲဆန္ဒနယ်အမှတ်-၆၊ ရန်ကုန်တိုင်းဒေသကြီး)။ ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေကျော် ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ လက်ရှိ NUG အစိုးရအနေဖြင့် မည်သို့သော မူဝါဒများထားရှိပြီး လုပ်ကိုင်ဆောင်ရွက်နေသည်ကို ပြည်သူလူထု တစ်ရပ်လုံး သိရှိနိုင်ရန်အတွက် မသန်စွမ်းသူများ၏ ကိုယ်စား မေးခွန်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံကြီးမှာ ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူ များနည်းတူ တန်းတူညီမျှအခွင့်အရေးများ ရရှိစေရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာများ၊ စွမ်းဆောင်ရည် များကို အလေးထားဂရုပြုတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD) ကို လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကိုလည်း ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်တွင် မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နိုင်ငံတော် အဆင့် အမျိုးသားကော်မတီကို ဆက်လက်ဖွဲ့စည်းကာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြတာ တွေ့ရပါတယ်။
 
အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို အရှိန်မြှင့်တိုးတက်လုပ်ဆောင်နိုင်ဖို့အတွက် ပံ့ပိုးသူတွေ နဲ့  အစိုးရပိုင်းမှ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့တာတွေလည်း ရှိခဲ့ကြပါတယ်။ အဆိုပါ မသန်စွမ်းသူ တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို အကောင်းဆုံး လှပစွာ လုပ်ဆောင်လာခဲ့မှုတွေမှာ ၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ရပ်တန့်သွားခဲ့ရပါတယ်။ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းခဲ့မှုနောက်ပိုင်း မသန်စွမ်းသူအများစုဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရုန်းကန်နေခဲ့ကြရပါတယ်။ အခုဆိုရင် မသန်စွမ်းသူတွေဟာ ပိုမိုအထီးကျန်ဆန်ပြီး ဆင်းရဲမွဲတေမှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ နွေဦးတော်လှန်ရေးအတွက် အများစုက အာရုံစိုက်နေချိန် မှာ မသန်စွမ်းသူတွေရဲ့ အခြေအနေတွေဟာ မေ့လျော့ခံထားရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီး အတွင်းမှာ ပုန်းကွယ်နေတဲ့ အကျပ်အတည်းကြီးတစ်ခု ဖြစ်ပေါ်လာနေပါတယ်။ နွေဦးတော်လှန်ရေးကာလ အတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခဲ့ကြရသူများအပါအဝင် မသန်စွမ်းဖြစ်နေရသူများအားလုံးဟာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း၊ ပညာ သင်ကြားပိုင်ခွင့် ဆုံးရှုံးရခြင်းနှင့် ဘဝရှင်သန်ရပ်တည်ရခြင်းတွေမှာ စိန်ခေါ်မှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း မသန်စွမ်းသူများ၏ အခန်း ကဏ္ဍကို ဦးစားပေးဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန် လိုအပ်နေမှုသည် အတိုင်းအတာတစ်ခုထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ မသန်စွမ်းသူများ၏ လိုအပ်ချက်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ ကူညီပေးမှုတချို့ ရှိနေတာ တွေ့ရသော်လည်း အဲ့ဒီလိုကူညီပေးမှုတွေကို မသန်စွမ်းသူအများစု က ဘယ်လိုရယူရမလဲဆိုတာ သေချာမသိကြသည့် အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် မသန်စွမ်းသူများ ရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်ခံနေရခြင်းတွေကို သတိထားမိနိုင်ဖို့၊ တချို့အကူအညီ ပေးနေမှုများကို မသန်စွမ်းသူတွေက ဘယ်လိုချိတ်ဆက်ရယူရမယ်ဆိုတာတွေကို သိရှိနိုင်ဖို့အတွက်ကို သတင်း စကားပါးခြင်းနည်းလမ်းတွေလည်း ပုံဖော်ပေးဖို့ အမှန်တကယ် လိုအပ်နေပါတယ်။ 
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလကတည်းက အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတဲ့ မသန်စွမ်းသူများအပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း ကိုယ် အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ကြရတဲ့ မသန်စွမ်းသူများအားလုံးအတွက် နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ပေးနေသော ဝန်ဆောင်မှုများ ရှိ မရှိ၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးကို အာမခံမှုရှိနိုင်တဲ့ ပြန်လည် ထူထောင်ရေးကိစ္စများအပေါ် NUG အစိုးရမှ မူဝါဒများ ရှိထားပါသလား၊ မရှိထားသေးဘူးလားဆိုတာလည်း သိရှိလိုသည့်အတွက် မသန်စွမ်းသူများကိုယ်စား ယခုလို မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
 
ဒေါက်တာရွှေပုံ (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါဟု နှုတ်ခွန်းဆက်ပါတယ်။
 
ကျွန်မကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် (၆) မှ ဦးနေကျော်က ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ မေးမြန်းထားသည့်မေးခွန်းကို ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်ရှင်။
 
မေးခွန်းကတော့ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး လက်ရှိ NUG အစိုးရအနေနဲ့ မည်သို့ သော မူဝါဒများထားရှိပြီး လုပ်ကိုင်ဆောင်ရွက်နေသည်ကို ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်ရန်အတွက် မသန်စွမ်းသူများ၏ ကိုယ်စား မေးမြန်းထားခြင်းဖြစ်ပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးရှင်။ ယခုကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်ပြီး ကျွန်မအနေဖြင့် ကနဦးရှင်းလင်းတင်ပြချင်သည်က မသန်စွမ်းဆိုသည့်ရေးရာကိစ္စက ကျယ်ပြန့်ပါတယ်။ ယခင်ကတော့ မသန်စွမ်း ရေးရာကိစ္စရပ်ကို လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကနေ တာဝန်ယူပြီး မူဝါဒအရရော၊ လုပ်ငန်းဖော်ဆောင်မှုအရရော လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နွေဦး တော်လှန်ရေးကာလမှာတော့ ဖြစ်ပေါ်နေတဲ့ မသန်စွမ်းရေးရာကိစ္စရပ်တွေ အများစုက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ဗုံးကြဲမှုတွေကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လက်ရှိအခြေအနေလို တော်လှန် ရေး ကာလအတွင်းမှာ ကျွန်မတို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကရော လူသားစာနာဝန်ကြီးဌာန အခုတော့ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနပါ လက်တွဲချိတ်ဆက်ပြီး လုပ်ဆောင်လျက်ရှိပါတယ်လို့ တင်ပြချင်ပါတယ်။ ပထမဦးဆုံးပြောချင်တာကတော့ ကျွန်မတို့ အမျိုးသား ညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကာလမှာ ပေါ်ပေါက်လာပြီး တော်လှန်ရေးနှင့် လိုက်လျောညီထွေဖြစ် အောင် လုပ်ဆောင်ရတာဖြစ်ပေမယ့် အစိုးရတစ်ရပ်လိုလည်း ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ နဲ့ အရင်အစိုးရ အဆက်ဆက်က သဘောတူညီခဲ့တဲ့ နိုင်ငံတကာ Convention တွေ၊ နိုင်ငံတကာကြွေးမြီတွေ၊ ကတိကဝတ်တွေ စသဖြင့် အားလုံးကို ဆက်ခံရသည့်အခါမှာ ဒီနေ့ မေးခွန်းရှင် မေးသွားတဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့တကွ ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးနေပါတယ် ဆိုတာကို မျှဝေတင်ပြချင်တာ ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော နာယကကြီးရှင်။ အခုနွေဦးတော်လှန်ရေးကာလအတွင်းမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသူတွေ၊ မသန်စွမ်းဖြစ်ကြသူတွေနဲ့ ပတ်သက်ပြီး ကျွန်မအနေနဲ့ ဝန်ကြီးဌာန (၂) ခုက လုပ်ဆောင် ထားမှု အခြေအနေတွေကို ပေါင်းစပ်ပြီးတင်ပြမှာ ဖြစ်ပါတယ်။ ပထမအနေဖြင့် လူသားစာနာဝန်ကြီးဌာန အနေဖြင့် ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကဏ္ဍ (၃) ခုဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီကဏ္ဍ (၃) ခုကတော့ (၁) ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ပေးခြင်း (Victims Assistance)၊ (၂) မိုင်းအသိပညာပေးရေး ကဏ္ဍ (Mine Awareness)၊ (၃) ပြန်လည်ထူထောင်ရေးကဏ္ဍ (Rehabilitation) တို့ ဖြစ်ပါတယ်။ မသန်စွမ်း သူများအရေး မူဝါဒအနေဖြင့်လည်း အစောပိုင်းကာလ နလန်ထူရေးနှင့် ပြန်လည်ထူထောင်ရေးမဟာဗျူဟာ (Early Recovery and Rehabilitation Strategy) မူကြမ်းကို ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။
 
ပထမဆုံးအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး တင်ပြမှာ ဖြစ်ပါတယ်။ ယခု လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ယခင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ထိတွေ့တိုက်ပွဲ များမှ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်သွားတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများကို တစ်ဦးချင်း ထောက်ပံ့ပေးလျက် ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ စာရင်းရရှိထားတဲ့ ထိခိုက်ဒဏ်ရာရရဲဘော်၊ ပြည်သူ (၄,၀၉၉) ဦးအတွက် ကျပ်ငွေပေါင်း ၂၀၆.၅ သန်း ပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး Mine Action Taskforce မှာ ပါဝင်တဲ့ ပြည်ထဲရေးလူဝင်မှု ကြီးကြပ်ရေးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း မိုင်းနှင့် ပေါက်ကွဲ စေတတ်သော လက်နက်ပစ္စည်းများအန္တရာယ်ကို ပြည်သူများ သိရှိနိုင်ဖို့နဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးသွား သူများအတွက် ပြန်လည်ထူထောင်ရးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ် ပြီး ကျပ်သိန်း (၅၀၀) ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ Pilot အနေဖြင့် စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ လူသားစာနာဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေး ကာလအတွင်း မသန်စွမ်းသူများ ခွင့်တူညီမျှညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (Myanmar Coordination Committee for Equal Rights of People with Disabilities- MCERPD) နှင့်အတူ မသန်စွမ်းသူများအရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ရောက်တိုင်း မသန်စွမ်းသူများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို မသန်စွမ်းသူများကိုယ်တိုင် ဦးဆောင်ပါဝင်စေပြီး ကျင်းပဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထိခိုက်ဒဏ်ရာရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူများ၊ ၎င်းတို့၏ မိသားစုဝင်များအတွက် ဝန်ကြီးဌာန၏ Mine Healer လို့ခေါ်တဲ့ စိတ်ခွန်အားပေးအစီအစဉ်နဲ့ ချိတ် ဆက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်း အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။
 
မိုင်းအသိပညာပေးရေးကဏ္ဍတွင် ဝန်ကြီးဌာနအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုများနဲ့ အရပ်သားပြည်သူတွေအတွက် အရပ်သားထိခိုက်မှုလျှော့ချရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးသင်တန်းများ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းများ၊ Safety for Humanitarian သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲ့ဒီသင်တန်းတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအန္တရာယ် ပြင်ဆင်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။ ဝန်ကြီးဌာနက စီစဉ်တဲ့သင်တန်းတွေကို တက်ရောက်ခဲ့တဲ့သူတွေက ပြန်လည် ပြီး ဒေသအတွင်းရှိတဲ့ ပြည်သူလူထုတွေကို Community Awareness အစီအစဉ်အနေဖြင့် ဆက်လက် အသိ ပညာပေးဖြန့်ဝေမှုတွေကို လုပ်ဆောင်နေကြပါတယ်။ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ လက်ကမ်းစာစောင် တွေကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။ 
 
နောက်တစ်ခုကတော့ Rehabilitation ပြန်လည်ထူထောင်ရေး ကဏ္ဍဖြစ်ပါတယ်။ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် အသုံးပြုဖို့ ဝန်ကြီးဌာနရဲ့ ရန်ပုံငွေအပါအဝင် အခြား ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံ‌ငွေဘတ်ဂျက်များထဲကနေ မသန်စွမ်းသူတွေ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး မတည်ထောက်ပံ့မှုတွေကို စီမံချက်များချပြီး စနစ်တကျဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ မသန်စွမ်းသူတွေကို လူမှုအသိုက်အဝန်းများမှာ အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်၊ အခြေခံလူ့အခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ယခုကြားကာလအတွင်း ရေးဆွဲချမှတ်နေသည့် မူဝါဒများ၊ လမ်းညွှန်ချက်တွေမှာ မသန်စွမ်း များအရေးကို ထည့်သွင်းရေးဆွဲခြင်း လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း မသန်စွမ်းသူများအတွက် လုပ်ငန်းစဉ်အချက် (၇) ချက်ပါတဲ့ ကတိကဝတ်ကို ထုတ်ပြန် ထားရှိပြီး ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းများ၊ ဆက်လက်ပညာသင်ယူရေးလုပ်ငန်းများ၊ စိတ်ခွန်အားပေးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစုအဖွဲ့များ၊ EROs များနဲ့ လက်တွဲပြီး အကောင်အထည်ဖော်နိုင်ရေး၊ စင်္ကြံလမ်း (Platform) ပေါ်ပေါက်လာစေရေးအတွက်လည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယခု ရှင်းလင်းတင်ပြတဲ့ လုပ်ငန်းများကတော့ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကနေ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းများဖြစ်ပါတယ်။ 
 
လေးစားအပ်ပါသော နာယကကြီးရှင်။ ဒုတိယတစ်ပိုင်းအနေနဲ့ ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးရတဲ့ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ယခုနွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကုသမှုများ၊ ပြန်လည်ထူထောင်ရေးများကို အမျိုးအစားခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် (၈) မျိုးခွဲခြား၍ ရပါတယ်။ (၁) ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ (၂) အမြင်အာရုံ မသန်စွမ်း သူများ၊ (၃) အကြားအာရုံမသန်စွမ်းသူများ၊ (၄) စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများ၊ (၅) ဉာဏစွမ်းအား မသန်စွမ်း သူများ၊ (၆) သင်ယူရန် မသန်စွမ်းသူများ၊ (၇) အပြောအာရုံ မသန်စွမ်းသူများ၊ (၈) တစ်ခုထက်မက မသန်စွမ်း သူများ ဟူ၍ ခွဲခြားထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်မှာ ခြေတု၊ လက်တု တပ်ဆင် ခြင်းနှင့် ပြန်လည်သန်စွမ်းရေးစင်တာ (၁၂) ခုနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အထိ စာရင်းကောက်ခံထားချက်များအရ စိုးမိုးနယ်မြေများအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူပေါင်း (၃,၇၂၁) ဦး ရှိပါတယ်။ (၁,၆၉၅) ဦးကို ခြေတုလက်တုတပ်ဆင်ပေးနိုင်ခဲ့ရုံသာမက ၎င်းတို့အထဲမှ လူ (၅၀၀) ဦးကိုလည်း အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မြို့နယ် (၈) မြို့နယ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ပြည်သူ့အခြေပြု ပြန်လည်သန်စွမ်းရေး လုပ်ငန်းများဖြစ်သည့် Community-based Rehabilitation ကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် (၇) မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီး တစ်မြို့နယ်ကို ရပ်နားထားရပါတယ်။ အဲဒီ (၇) မြို့နယ်တွင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူပေါင်း (၃၂၄) ဦး အပါအဝင် မသန်စွမ်းသူပေါင်း (၁,၈၀၀) ဦး မှတ်တမ်း ရရှိခဲ့ပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးသူများက မသန် စွမ်းသူ စုစုပေါင်း၏ (၁၈) ရာခိုင်နှုန်းလောက် ရှိပါတယ်။ ၂၀၂၆ တွင် ကျွန်မတို့အနေဖြင့် ပြည်သူ့အခြေပြု ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းတိုးချဲ့ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒုတိယအချက်အနေဖြင့် ပြန်လည် သန်စွမ်းရေးကိစ္စဖြစ်တဲ့ လေ့ကျင့်ခန်းကိစ္စများ ခြေတုလက်တု မတပ်မီနှင့်တပ်ဆင်ပြီး ပြုလုပ်ရသည့် သန်စွမ်း ရေး လေ့ကျင့်ခန်းတွေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဆေးရုံဆေးခန်းက ကျန်းမာရေးဝန်ထမ်းများနှင့် ရှေ့တန်း ဆေးရုံက ဝန်ထမ်းတွေကို ကျွမ်းကျင်မှု သင်တန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ပြန်လည်သန်စွမ်းရေး သင်တန်းတွေ၊ လေ့ကျင့်ခန်းတွေနှင့် ပတ်သက်ပြီး ကျွန်မတို့အနေဖြင့် Online၊ On-ground ပေါင်းစပ်ပြီး Teleconsultation တွေနှင့်အတူ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကိုလည်း တယ်လီကျန်းမာ ကတစ်ဆင့် ဗီဒီယိုတွေ၊ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ မတပ်ဆင်ရသေးသည့်သူတွေ ကို တပ်ဆင်ပေးနိုင်ဖို့အတွက် ခြေတုလက်တုစင်တာတွေ တိုးချဲ့ဖွင့်လှစ်တာတွေ၊ Mobile ရွေ့လျား ဖွင့်လှစ် တာမျိုးနဲ့ တိုးချဲ့ဆောင်ရွက်ပေးနိုင်ဖို့လည်း ကျွန်မတို့ စီမံချက်ချ ဆောင်ရွက်လျက်ရှိပါတယ်။ မသန်စွမ်းသည့် ကိစ္စတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေအတွက်လည်း ကျွန်မတို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အရေးပေါ်ကုသမှုတွေဖြစ်တဲ့ Psychological First Aid၊ တယ်လီစိတ်ကျန်းမာရေးကုသမှုဌာန (Tele-mental Health) စတာတွေကို ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု အခြေခံ သင်တန်းများကိုလည်း သက်ဆိုင်ရာ Volunteers များကို သင်တန်းပေးလေ့ကျင့်ပေးခဲ့ပါတယ်။ ကုသမှုတွေကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် ချိတ်ဆက်ပြီး မသန်စွမ်းသူများ တက်ရောက်လိုပါက သင်တန်းတွေ အခမဲ့တက်ရောက်နိုင်ရေး၊ တက်ရောက်လိုသည့် သက်မွေးသင်တန်းများရှိလျှင်လည်း တက်ရောက်သင်ကြား နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
 
လေးစားအပ်ပါသော နယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင်။ ကျွန်မအနေနဲ့ ရှင်းလင်း တင်ပြသွားတဲ့လုပ်ငန်းကိစ္စတွေက ဝန်ကြီးဌာန (၂) ခုဖြစ်တဲ့ လူသားစာနာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့က လက်ရှိလုပ်ဆောင်နေသည့်အခြေအနေနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိကာလနှင့် အနာဂတ်ကာလမှာ ပိုမိုပြီး ထိထိရောက်ရောက် ချိတ်ဆက်ဆောင်ရွက်နိုင် ဖို့အတွက် National Disability and Rehabilitation Framework မူဘောင်ရေးဆွဲပြီး လိုအပ်တဲ့ ဥပဒေ၊ နည်း ဥပဒေတွေကို ရေးဆွဲချမှတ်သင့်ပါကြောင်း တင်ပြချင်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်ထောင်စုလွှတ်တော် က ဦးဆောင်ပြီး မူဘောင်ဖြစ်ပေါ်ရေး၊ ဥပဒေနှင့် နည်းဥပဒေများ ဖြစ်ပေါ်ရေး ဦးဆောင်ပေးစေလိုပါကြောင်း အကြံပြုရင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားအပ်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Scroll to Top