Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးကို ၂ ရက်တိတိ ကျင်းပခဲ့ပြီး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈၈) ဦး၊ အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ ၆၆.၂% နှင့် ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇၁) ဦး၊ ၆၀.၂၁% တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး ဒုတိယနေ့ကို အစီအစဉ် (၉) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၃) တွင် အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုအား ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး)၊ ဒေါ်ရှားမီး (ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)၊ ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီး) နှင့် ဦးဝင်းစွမ် (တာချီလိတ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်) တို့က ထောက်ခံဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အဆိုရှင် နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဦးအာကာမျိုးထက်က ထောက်ခံဆွေးနွေးချက်များအပေါ် ၎င်း၏ သဘောထားကို ပြန်လည်ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် မူကြမ်းပြုစုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေကျော် (ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆)) ၏ ‘‘မသန်စွမ်းသူများ၏ အခွင့်အရေးကို အာမခံနိုင်ရန်အတွက် NUG အနေဖြင့် ကျယ်ပြန့်အားကောင်းပြီး ရေရှည်တည်တံ့သော လှုပ်ရှားမှုများကို ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ’’ နှင့် စပ်လျဉ်းသည့်မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံကလည်းကောင်း၊ ဒေါ်နီနီဒွန်း (ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်) ၏ ‘‘စစ်ကောင်စီအား ILO Article 33 အရ အရေးယူမှုလုပ်ငန်းစဉ် ထိရောက်၍ ပိုမိုအားကောင်းလာ စေရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း’’ နှင့် စပ်လျဉ်းသည့်မေးခွန်းအား လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ငိုမ်းတမ်မောင်းကလည်းကောင်း၊ ဒေါက်တာဝင်းရွှေ (ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁)) ၏ ‘‘Volunteer CDM ဆရာ၊ ဆရာမများအား ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ၊ CDM ကျောင်းသား ကျောင်းသူများအား လာမည့်အနာဂတ်တွင် မည်သို့မည်ပုံ ကုစားပေးမည်ဆိုသည့် အစီအစဉ် ရှိ/မရှိ’’ နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်ကလည်းကောင်း အသီးသီး ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ဝေမာလွင်က ပြည်ထောင်စုလွှတ်တော်၏ နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် (မူကြမ်း) အား ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ ကန့်ကွက်မည့်သူမရှိ ထောက်ခံကြသဖြင့် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက်တွင် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ကို ရပ်နားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top