Home / (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်
 
၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာ့တိုင်းရင်းသားခေါင်းဆောင်ကြီး များက တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ပြီး တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း နေထိုင်သည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်သွားကြရန် ပင်လုံစာချုပ်ကို လက်ခံ သဘောတူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ရာ  ယနေ့ဆိုလျှင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။  ပင်လုံစာချုပ်သည် တိုင်းတစ်ပါးသားတို့၏ သွေးခွဲမှုအမျိုးမျိုးကြားက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အရယူနိုင်ရုံသာမက လွတ်လပ်ရေးကိုအရယူနိုင်ခဲ့သည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။
 
၂။ မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေးကိုအရယူပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် ပင်လုံစာချုပ်တွင် သဘောတူညီထားခဲ့ကြသော်လည်း ပင်လုံစာချုပ်ပါ သဘော တူညီချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့သောကြောင့် မြန်မာနိုင်ငံသည် စစ်အာဏာရှင်များ၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ရပြီး တိုင်းရင်းသားပြည်သူများသည် ပြည်တွင်းစစ်၏ဆိုးကျိုးများကို ယနေ့အချိန်အထိ ခါးသီးစွာ ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။
 
၃။ ယနေ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် အင်အားစုများသည်သာမက တိုင်းရင်းသားပြည်သူများကလည်း ပင်လုံစာချုပ်ပါ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့အား တည်ဆောက်သွား မည်ဟူသော နိုင်ငံရေးဘုံရည်မှန်းချက်ကိုကိုင်စွဲပြီး ကြိုးပမ်းလျက်ရှိရာ ပင်လုံမြေမှ ပေါက်ဖွားလာ သော ပင်လုံစိတ်ဓာတ်များသည် ယနေ့အချိန်အထိ တိုင်းရင်းသားပြည်သူများ၏ နှလုံးသားထဲတွင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်မှာ အထင်အရှားဖြစ်ပါသည်။ 
 
၄။ ပင်လုံမြေက အခြေတည်ခဲ့သော တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်ပြီး တော်လှန်ရေးအင်အာစုများအားလုံး အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု၊ လေးစားတန်ဖိုးထား အသိအမှတ်ပြုမှုနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်များနှင့်အတူ ရှေ့ဆက်ချီတက်ကြရမည်ဖြစ်ပါသည်။ သို့မှသာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဆိတ်သုဉ်းပြီး တိုင်းရင်းသားပြည်သူများ လိုလားတောင့်တ လျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
 
၅။ ယခုအချိန်အခါသည် တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင်စနစ် အဆုံးသတ် နိုင်ရေးအတွက် တက်ညီလက်ညီ ဆန့်ကျင်တော်လှန်နေပြီး သမိုင်းဝင်အောင်ပွဲများကို ရရှိနေချိန် ဖြစ်သကဲ့သို့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်တည်ဆောက်သွားကြရန် စစ်ရေး၊ နိုင်ငံရေးသဘောတူညီချက်များကို တိုးမြှင့်ညှိနှိုင်းဆောင်ရွက်နေချိန်လည်းဖြစ်ရာ ပင်လုံ စိတ်ဓာတ်ကိုကိုင်ဆွဲလျက် တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ ဆက်လက် လက်တွဲ ကြိုးစားသွားမည်ဖြစ်ကြောင်း မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကတိပြုလျက် ဤ (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့အပ်ပါသည်။
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Scroll to Top