၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်
၁။ ကိုလိုနီနယ်ချဲ့လက်အောက်မှ တိုင်းပြည်လွတ်မြောက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် (၉) ရက် (ခရစ်သက္ကရာဇ် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့) သည် မိမိတို့နိုင်ငံအား လုံးဝ လွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ကာ ယနေ့တွင် (၇၇) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရယူနိုင်ခဲ့သည်မှာ ထင်ရှားဆုံးသမိုင်းသင်ခန်းစာ ဖြစ်ပြီး လက်ရှိနွေဦးတော်လှန်ရေးကြီးတွင်လည်း မိမိတို့ တော်လှန်ရေးအင်အားစုများအကြားတွင် တည်ဆောက်ပြီးသော စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့အား တိုးမြှင့်ခြင်းဖြင့် တိုင်းပြည် အား ပြည်ဖျက်စစ်အာဏာရှင်စနစ်ဆိုးအောက်မှ ကင်းလွတ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါသည်။
၃။ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရပြီး နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည်လည်း ပြည်တွင်းစစ်၏ ဒုက္ခမျိုးစုံကို ခံစားခဲ့ရသည်မှာ ယနေ့အချိန် အထိပင်ဖြစ်ပါသည်။ လွတ်လပ်ရေးရယူချိန်တွင် ဦးဆောင်ပါဝင်ခဲ့သော တပ်မတော်သည် အာဏာရှင်လူတစ်စု၏ အသုံးချခံ အဖွဲ့အစည်းအဖြစ်ပြောင်းလဲခံခဲ့ရပြီး ယနေ့အချိန်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် အန္တရာယ်အရှိဆုံး အကြမ်းဖက်အဖွဲ့အစည်းပင် ဖြစ်လာခဲ့ပြီဖြစ်ပါသည်။
၄။ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့်လူမျိုးအား စစ်ကျွန်အဖြစ် ဖိနှိပ်ထိန်းချုပ်၍ ကိုယ်ကျိုးအတွက်အသုံးချရန် လုပ်ဆောင်ခဲ့သည့် စစ်အာဏာရှင်များကြောင့် တိုင်းပြည်နှင့် လူမျိုးသည် ဘက်ပေါင်းစုံတွင်နိမ့်ကျခဲ့ရပြီး တိုင်းရင်းသားခေါင်းဆောင်အသီးသီး၊ အဖွဲ့အစည်း အသီးသီးက စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် အခြေအနေအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် အတ္တကြီးသည့် စစ်အာဏာရှင်များသည် တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးထက် ၎င်းတို့အာဏာတည်မြဲရေးကိုသာ အလေးပေး လုပ်ဆောင် ဆုံးဖြတ်ခဲ့ကြသဖြင့် ယနေ့အချိန်အထိ ပဋိပက္ခများ ပိုမိုကြီးထွားနေခြင်း ဖြစ်ပါသည်။
၅။ ခေတ်အဆက်ဆက်နှင့် လက်ရှိပြဿနာအရပ်ရပ်၏ အဓိက တရားခံသည် စစ်အာဏာ ရှင်များဖြစ်သည်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အင်အားစုအသီးသီးက သိရှိနားလည်ခြင်း ကြောင့် ယနေ့အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ဆန့်ကျင်တွန်းလှန် နေခြင်းဖြစ်ပါ သည်။ ယင်းသို့ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ကြံ့ကြံ့ခံကာ တွန်းလှန်တိုက်ထုတ်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်၏ ပြိုလုနီးပါး အခြေအနေသို့ပင် ရောက်ရှိလာပြီး မိမိတို့အားလုံး မျှော်မှန်းကြိုးပမ်းနေသည့် အနာဂတ်ကိုလည်း မြင်ယောင်နိုင်ပြီ ဖြစ်ပါသည်။
၆။ စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများ၊ အာဏာဆက်လက်ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်းချက်များကို အတိတ်သမိုင်းဖြစ်စဉ်မှ သင်ခန်းစာရယူကာ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ တန်ဖိုးထားယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တွန်းလှန်ကျော်ဖြတ်ကာ တိုင်းပြည်အား စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနှင့် လွတ်လပ်ခြင်း၊ တရား မျှတခြင်း၊ တန်းတူညီမျှခြင်းတို့ ရှင်သန်ထွန်းကားသော ပြည်ထောင်စုသစ်ကို တည်ဆောက်သွား နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါသည်။
၇။ တိုင်းပြည်အား သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် ဘိုးဘွား အစဉ်အဆက် အာဇာနည်သူရဲကောင်း များစွာ၏ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အိပ်မက်တို့ကို အစဉ်တန်ဖိုးထားလေးစားလျက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ညီနောင် တိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ အား ထုတ်ပြန် အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


