Home / (၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ပေးပို့သောသဝဏ်လွှာ

(၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ပေးပို့သောသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁။ ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူး နေ့မြတ် အချိန်အခါသမယတွင် တအာင်းတိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး လွတ်လပ်၍တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံးရောက်ရှိ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ တအာင်းပြည်သူအားလုံးသည် ၁၉၆၃ ခုနှစ်မှစတင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှခွင့်တို့အတွက် စစ်အာဏာရှင် စနစ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်မှာ ယနေ့တွင် (၆၂) နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။ ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင်လည်း တအာင်းတိုင်းရင်းသားပြည်သူ များသည် အခြားသောတိုင်းရင်းသားပြည်သူများနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင်စနစ်အောက် မှလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်လျက်ရှိပါသည်။ တအာင်းတိုင်းရင်းသား ပြည်သူများ၏ ခိုင်မာသော ဇွဲ၊ သတ္တိ၊ လုံ့လ၊ စုစည်းညီညွတ်မှုတို့နှင့် ရဲစွမ်းသတ္တိတို့ကြောင့် တအာင်းနယ်မြေသည် စစ်အာဏာရှင်စနစ်ကင်းစင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်နယ်မြေ အဖြစ်သို့ရောက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပြီဖြစ်သည့်အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင် ရင်းကျဆုံးခဲ့ကြရသော တအာင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။ တော်လှန်ရေးအင်အားစုများအနေဖြင့် တော်လှန်ရေးအရှိန်အဟုန်ပြင်းပြင်းဖြင့် အောင်ပွဲ များစွာရရှိလာသည်နှင့်အတူ အကြမ်းဖက်စစ်တပ်သည်လည်း တဖြည်းဖြည်းအင်အားဆုတ်ယုတ် လာပြီး မကြာမီအချိန်ကာလတွင် စစ်အာဏာရှင်များ၏နေဝင်ချိန် ရောက်ရှိလာတော့မည်ဖြစ်ပါ သည်။ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် တအာင်းတိုင်းရင်းသားပြည်သူများအနေဖြင့် အခြားသောတော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ ရှေ့ဆက်ချီတက်သွားမည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ပါသည်။ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ်မှုနှင့်အတူ စိတ်ဓာတ်များ ခိုင်မာနေသရွေ့ မည့်သည့်အခက်အခဲ ဒုက္ခကိုမဆို ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ မလွဲဧကန်ရောက်ရှိမည်ကိုလည်း အကြွင်းမဲ့ယုံကြည်ပါသည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွှတ်တော်၏ အခန်းကဏ္ဍ အား ဆက်လက်ကြိုးစားဖော်ဆောင်လျက် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ စုစည်း ညီညွတ်မှုများ ပိုပိုခိုင်မာအားကောင်းအောင်တည်ဆောက်၍ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်ကင်းစင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အလေးပေး အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top