Home / (၆၂) နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့ သဝဏ်လွှာ

(၆၂) နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

၁။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင်များက ကျောင်းသားလူငယ်များအား လက်နက်အားကိုးဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ကျောင်းသားသမိုင်းတွင် မေ့ပျောက်၍မရနိုင်သော မှတ်တမ်းဝင် ပုံရိပ်ဆိုးတစ်ခုပင် ဖြစ်ပါသည်။

၂။ ယနေ့တွင် ယင်းဖြစ်ရပ်ဆိုးသည် (၆၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂတို့၏ ညီညွတ်မှု၊ စည်းလုံးမှု၊ ရဲစွမ်းသတ္တိပြည့်ဝမှု၊ ပူးပေါင်းပါဝင်မှုနှင့် တရားမျှတမှုအတွက် အသက်ခန္ဓာရင်းနှီးပေးဆပ်မှုတို့သည် လက်ရှိအချိန်အထိတိုင် အားလုံးသော ပြည်သူလူထု၏ ရင်ထဲတွင် ဂုဏ်ယူလေးစားစွာ ကျန်ရှိနေမည် ဖြစ်ပါသည်။ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များက ကျောင်းသားသမဂ္ဂအဆောက်အအုံအား ဖြိုချခဲ့သော်လည်း ဆဲဗင်းဂျူလိုင်မှ ပေါက်ဖွားလာခဲ့သော ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို ဖြိုချ၍မရခဲ့ဘဲ ပိုမိုခိုင်မာလာခဲ့သည်မှာ ယနေ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော ကျောင်းသားလူငယ်များက သက်သေပြလျက် ရှိနေပါသည်။

၃။ ယနေ့ကျောင်းသားများသည် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းများအဖြစ် တိုင်းပြည်၏ တာဝန်များကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သွားကြရမည့် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ပါသည်။ ကျောင်းသားသမဂ္ဂများသည် မြန်မာ့နိုင်ငံရေးတွင် ခေါင်းဆောင်ခဲ့ကြသကဲ့သို့ နိုင်ငံရေးအချိုးအပြောင်းများတွင်လည်း ရှေ့တန်းမှ ရပ်တည်ခဲ့ကြသူများဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းပရဝုဏ်သည် မြန်မာနိုင်ငံရှိ တော်လှန်ရေးလှုပ်ရှားမှုများ၏ အစပြုရာနေရာဟုလည်း ဆိုနိုင်ပါသည်။

၄။ ကျောင်းသားလူငယ်များအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေ့လာတန်ဖိုးထားခြင်း၊ ကျောင်းသားထုအခွင့်အရေးများအား ကာကွယ်ခြင်းနှင့် လိုအပ်ပါက ကျောင်းသားအရေးကိစ္စများသာမက တိုင်းပြည်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးဆိုသော ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို အစဉ်သဖြင့် ကိုင်စွဲထားရမည် ဖြစ်ပါသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင်လည်း တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ လက်တွဲကာ ဘုံရန်သူဖြစ်သော အကြမ်းဖက် စစ်အာဏာရှင်များကို အပြီးသတ်ချေမှုန်းတိုက်ဖျက်ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါသည်။

၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ကျောင်းသားလူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေးအတွက် အားလုံးသော တော်လှန်လူငယ်ထုနှင့်အတူ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ဒီမိုကရေစီအရေးတော်ပုံအဆက်ဆက်တွင် နိုင်ငံတော်အတွက် စွန့်လွှတ်ပေးဆပ်အနစ်နာခံခဲ့ကြရသော ကျောင်းသားလူငယ်များအား အစဉ်အမြဲ လေးစားတန်ဖိုးထားကာ ဦးညွှတ်အလေးပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top