Home / နှစ် (၅၀) ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့သဝဏ်လွှာ

နှစ် (၅၀) ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့သဝဏ်လွှာ

နှစ် (၅၀) ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်

၁။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တော်လှန်ရေးကောင်စီ စစ်အစိုးရသည် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ၎င်းတို့စိတ်ကြိုက် တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်သောကြောင့် ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အလုပ်သမားထုတစ်ရပ်လုံးက ပြတ်ပြတ်သားသားဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၂။ ပြည်သူ့အစိုးရလက်ထက်တွင် ခေတ်အဆက်ဆက် အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်တွင်းအလုပ်သမားဥပဒေများကို နိုင်ငံတကာအလုပ်သမားဥပဒေစံနှုန်းများနှင့်အညီ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တဖက်တွင်လည်း အသစ်ပြဋ္ဌာန်းနိုင်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှုန်းများ တိုးမြှင့်လာခြင်းတို့မှတစ်ဆင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးနိုင်ခဲ့ပါသည်။

၃။ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့မှု နောက်ဆက်တွဲအနေဖြင့် အလုပ်သမားဥပဒေများသာမက ပြည်တွင်းဥပဒေများအားလုံး ယိုင်နဲ့ပြိုလဲလာပြီး အလုပ်သမားများသည် ၎င်းတို့ရရှိရမည့် လုပ်ခလစာ၊ အချိန်ပိုကြေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး စသည့် အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုကြုံတွေ့နေကြရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းမှ ထွက်ခွာခြင်းကြောင့် ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးလာခြင်း၊ အတင်းအကြပ် စစ်သားစုဆောင်းမှုကြောင့် လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းတို့သည် ပြည်တွင်းတွင် လုပ်သားမငြိမ်သက်မှုများ ဖြစ်ပေါ်လာစေပြီး နိုင်ငံ၏ စီးပွားရေးအား ပြိုလဲကျဆင်းခြင်းကို ဦးတည်စေခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု၏ ၎င်းတို့အပေါ်နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိမှု အကြပ်အတည်းကို ပြည်ပရောက်မြန်မာလုပ်သားများ၏ မိသားစုထံလွှဲပို့ငွေအား အခြေခံလစာ၏ အနည်းဆုံး ၂၅% ကို ၎င်းတို့သတ်မှတ်သည့် ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် ပေးပို့စေသည့် အာဏာရှင်ပီသစွာ ထွက်ပေါက်ရှာဖြေရှင်းမှုသည်လည်း အလုပ်သမားထုများအတွက် စစ်အာဏာရှင်စနစ်ဆိုးအား အပြီးတိုင်ချေမှုန်းတော်လှန်နိုင်ရေးစိတ်ကို ပိုမိုတွန်းအားဖြစ်ပေါ်စေခဲ့ရပါသည်။

၄။ ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲသည် အကြမ်းဖက်စစ်အုပ်စု၏ လက်နက်အားကိုးဖြင့် ချေမှုန်းခံခဲ့ရသည့်နည်းတူ ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်သည့် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အကျဉ်းချခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်နေသည့်ကြားမှပင် မြန်မာအလုပ်သမားထုတစ်ရပ်လုံး၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်များမှာ ယနေ့အချိန်အထိ ရှင်သန်တည်ရှိနေဆဲပင်ဖြစ်သည်။ ယနေ့နွေဦးတော်လှန်ရေးသည် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲတွင် ကျဆုံးခဲ့ကြသော အလုပ်သမားထု၏ မပြီးဆုံးခဲ့သော စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့် အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေး လုပ်ငန်းစဉ်များကို ယူဆောင်ပေးနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။

၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အလုပ်သမားထုကြီး၏ မပြီးဆုံးခဲ့သော တော်လှန်ရေးခရီးလမ်းကို အခြားသောတော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဇွန် ၆ ရက်စိတ်ဓာတ်ကိုကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အလုပ်သမားအခွင့်အရေးများ အပြည့်အဝပေးစွမ်းနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် နွေဦးတော်လှန်ရေးကြီးတွင် စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေကြပါသော အလုပ်သမားထုများ၊ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများအားလုံးအား လေးစားဂုဏ်ပြုခြင်းဖြင့် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top