ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး တတိယနေ့အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပမှုအား ၃၁-၁-၂၀၂၃ ရက်မှ ၂-၂-၂၀၂၃ အထိ အောင်မြင်စွာပြီးစီးခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး၌ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတကာ ပါလီမန်များနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လွှတ်တော်ရေးရာကော်မတီများ၏ အစီရင်ခံစာများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက အဆိုများ တင်သွင်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မွေးခွန်းများမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယနေ့ တတိယနေ့တွင် ၁-၂-၂၀၂၃ ရက်နေ့၊ ၁၀:၀၀ မှ ၁၅:၀၀ နာရီထိ ပြုလုပ်ခဲ့သော Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်)တွင် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူလူထုအား ပြည်ထောင်စုလွှတ်တော်က ချီးကျူးဂုဏ်ပြုကြောင်းအဆို တင်သွင်းခြင်းအား ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်ပြီး ဖက်ဒရယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာအား ကော်မတီဥက္ကဋ္ဌ ဦးလမာနော်အောင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၏ “CDM ကျောင်းသူ၊ ကျောင်းသားများ၏ အနာဂတ် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းရွှေ၏ “ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီသည် အရေးကြီးလိုအပ်နေပြီ ဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို မည်သို့ ထိထိရောက်ရောက် ကူညီကယ်ဆယ်လုပ်ဆောင်မည်ကို သိလိုခြင်း” နှင့် စပ်လျဥ်းသည့်မေးခွန်း၊ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ “CDM ဆရာ/ဆရာမများနှင့် CDM ကျောင်းသားများ အတွက် ပညာရေးဝန်ကြီးဌာမှ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်းတို့အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော် နာယက က အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ









