၁-၂-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀:၀၀ နာရီ
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၁၈၂) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေး တက်ရောက်ခွင့်ရှိသူဦးရေ၏ (၄၄.၇၁)ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဥ် (၆) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပြည်သူ့ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတို့ကို ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေကြားခြင်းအစီအစဥ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး၏ “NUG အနေဖြင့် လက်ရှိ EROs မည်သည့်အဖွဲ့များအား၊ မည့်သည့် အချက်အလက်များနှင့် သဘောတူညီချက် ခိုင်ခိုင်မာမာ ပြုလုပ်ထားပြီးပါသလဲနှင့် အခြားကျန်ရှိနေသော EROs များပါ ပူးပေါင်းပါဝင် လာရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် အစီအစဥ် ရှိ၊ မရှိ ကို သိလိုခြင်း” နှင့်စပ်လျဥ်းသည့်မေးခွန်း၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ “နွေဦးတော်လှန်ရေးအပြီးတွင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရန်အတွက် မြေပြန့်တောင်ပေါ်ဒေသမကျန် တိုင်းရင်းသားပြည်သူပေါင်းစုံလက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို မည့်သို့သော အခြေခံမူများဖြင့်ရေးဆွဲပြဋ္ဌာန်းသွားမည်ကို သိလိုခြင်း” နှင့်စပ်လျဥ်းသည့်မေးခွန်း၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နွေဦးတော်လှန်ရေး One Year Plan တွင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း (Ethnic Revolution Organizations)များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိပါက မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (Ethnic Revolution Organizations) များနှင့် မည်သို့သော ကတိက၀တ်များ၊ သဘောတူညီချက်များ ထားရှိဆောင်ရွက်လျက် ရှိကြောင်းကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး၏ “အမေရိကန်ပြည်ထောင်စုမှ အတည်ပြုထားသော NDAA အပါအဝင် နိုင်ငံတကာမှရရှိသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများသည် မြန်မာနိုင်ငံအတွင်းပိုင်း (အထူးသဖြင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး)သို့ ထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်မှု ရှိ၊ မရှိ သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်း၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘယ်ညာမီးနို၏ (၁) နွေဦးတော်လှန်ရေးအပြီး ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီး၏ ဖွဲ့စည်းပုံအခြေခံမူများ ရေးဆွဲထားခြင်း ရှိ၊ မရှိ၊ ရေးဆွဲ ထားခြင်းရှိပါက ပြည်သူများသို့ ချပြရန် အစီအစဉ်ရှိ၊ မရှိ၊ (၂) နွေဦးတော်လှန်ရေးအလွန် ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တွင် မိမိဆန္ဒအရ ဆက်လက်၍ စစ်မှုမထမ်းလိုတော့သည့် တော်လှန်ရေးရဲဘော်များ၊ PDF များအား အရပ်သားဘဝဖြင့် လူမှုဘဝ ရပ်တည်နိုင်ရေး အတွက်ပံ့ပိုးရန် အစီအစဉ် ရှိ၊ မရှိ၊ (၃) နွေဦးတော်လှန်ရေးတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ရ၍ မသန်စွမ်းဘဝ၊ ဒုက္ခိတဘဝ ရောက်သွားခဲ့ရသည့် PDF ရဲဘော်များနှင့် အခြား တော်လှန်ရေးအင်အားစုများမှ တိုက်ပွဲဝင်ရဲဘော်များ၏ လူမှုဘဝ ရပ်တည် နိုင်ရေးအတွက် ပံ့ပိုးပေးမည့်အစီအစဉ်များ၊ (၄) နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းတို့၏ ကျန်ရစ်သူ မိသားစုဝင်များအား ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် (၅) စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နွေဦးတော်လှန်ရေးတွင် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသော PDF များ၊ အခြားတော်လှန်ရေးအင်အားစုများ၊ EROs များမှ ရဲဘော်များအား သမိုင်းဝင်မော်ကွန်းတင်မည့် ဘွဲ့ထူး၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ် ရှိ၊ မရှိ တို့ကို သိလိုခြင်း” နှင့်စပ်လျဥ်းသည့် မေးခွန်းတို့အား ဖြေကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး ဒုတိယနေ့အား ၁၁:၂၂ နာရီတွင် ရပ်နားခဲ့ပြီး တတိယနေ့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

